International News

ဖိလစ်ပိုင်နိုင်ငံအစိုးရမှ သဘာဝဂျစ်ပဆမ်သတ္ထုဒြပ်နှင့် အင်ဟိုက်ဒရိုက်တို့အပေါ် ကောက်ခံသည့် သွင်းကုန်ခွန်အား ၃% မှ ၀% သို့ယာယီလျှော့ချသတ်မှတ်

Last Updated:

ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေနှင့် ပလက်စတစ်ဘုတ်ပြားများ ထုတ်လုပ်ရာတွင် အဓိက ကုန်ကြမ်းဖြစ်သော သဘာဝဂျစ်ပဆမ်သတ္ထုဒြပ်နှင့် အင်ဟိုက်ဒရိုက်တို့အပေါ်တွင် သွင်းကုန်ခွန် သုညရာခိုင်နှုန်း လျှော့ချကြောင်း ၃-၁၁-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၆) ဖြင့် ဖိလစ်ပိုင် သမ္မတနန်းတော်မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပြည်တွင်း ပလက်စတစ်ဘုတ်ပြားနှင့် ဘိလပ်မြေထုတ်လုပ်သူများအတွက် ယှဉ်ပြိုင်မှု အားကောင်းလာစေရန်နှင့် ပြန်လည် အားကောင်းလာစေရန်ရည်ရွယ်ပါကြောင်း ဖော်ပြပါရှိပါသည်။

ပြင်ဆင်သတ်မှတ်လိုက်သည့် သွင်းကုန်ခွန်နှုန်းထားသည် ဖိလစ်ပိုင်နိုင်ငံ၏ အခြေခံ အဆောက်အအုံနှင့်အိမ်ယာစီမံကိန်းလုပ်ငန်းများအတွက် အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိဖိလစ်ပိုင် နိုင်ငံတွင် သဘာဝဂျစ်ပဆမ်သတ္ထုနှင့် အင်ဟိုက်ဒရိုက်သတ္ထုရှာဖွေရေးများ မရှိပါကြောင်း၊ ထို့ပြင် အဆိုပါပစ္စည်းများအတွက် ပြည်တွင်းအစားထိုးသုံးစွဲမှုလည်း မရှိပါကြောင်း ဖော်ပြထားပါသည်။

Republic Act No.10863, Customs Modernization and Tariff Act အရ နိုင်ငံတော်သမ္မတသည် လက်ရှိကောက်ခံလျက်ရှိသော သွင်းကုန်ခွန်အား တိုးမြှင့်ခြင်း၊ လျှော့ချခြင်း၊ ဖယ်ရှားခြင်းတို့ကို နိုင်ငံ့အကျိုးစီးပွားအလို့ငှာ အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့၏ ထောက်ခံအကြံပြုချက်နှင့်အညီ ဆောင်ရွက်ခွင့်ရှိပါကြောင်း၊ ယခုအမိန့်ကြော်ငြာစာ မထုတ်ပြန်မီ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့သည် သဘာဝဂျစ်ပဆမ်သတ္ထုနှင့် အင်ဟိုက်ဒရိုက်သတ္ထုတို့အပေါ်တွင် ကောက်ခံလျက်ရှိသည့် Most-Favored Nation (MFN) အကောက်ခွန်နှုန်းထားအား လျှော့ချပေးရေး အတည်ပြုထောက်ခံခဲ့ပါသည်။

Most-Favored Nation (MFN) အကောက်ခွန်နှုန်းထားအား ၃၁-၁၂-၂၀၂၄ နောက်ပိုင်း နှစ်စဉ် ပြန်လည်လေ့လာသုံးသပ်မည်ဖြစ်ပါကြောင်း၊ ထို့အတွက် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့အနေဖြင့် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်များကို အမှုဆောင်အတွင်း ရေးမှူးရုံးမှတစ်ဆင့် နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည်ဖြစ်ပါသည်။

ယခုထုတ်ပြန်သည့် အမိန့်သည် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှ စတင်အသက်ဝင်မည်ဖြစ်ပြီး (၅) နှစ်ကာလထိ အကျုံးဝင်မည်ဖြစ်ပါသည်။

သုံးသပ်တင်ပြချက်

အိမ်ဆောက်လုပ်သည့်လုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ဘိလပ်မြေနှင့် ပလက်စတစ်ဘုတ်ပြားတို့ ထုတ်လုပ်ရာတွင် အဓိက ကုန်ကြမ်းဖြစ်သော သဘာဝဂျစ်ပဆမ်သတ္ထုနှင့် အင်ဟိုက်ဒရိုက်သတ္ထုတို့အပေါ်တွင် ကောက်ခံလျက်ရှိသည့် Most-Favored Nation (MFN) အကောက်ခွန်နှုန်းထားအား ယခင်၃% ကောက်ခံရာမှ ၀% သို့ လျှော့ချကောက်ခံသွားမည့်ကိစ္စဖြစ်ပြီး ဖိလစ်ပိုင်အစိုးရအနေဖြင့် နောင်လာမည့် အစိုးရ၏အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ပြည်တွင်းထုတ်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ အားဝယ်ယူသုံးစွဲသွားမည်ဟု ထုတ်ပြန်ချက်လည်းရှိသဖြင့် ယခုကဲ့သို့ ယာယီအကောက်ခွန်နှုန်း လျှော့ချလိုက်ခြင်းသည် ပြည်တွင်းရှိ ဘိလပ်မြေနှင့်ပလက်စတစ် ဘုတ်ပြားထုတ်လုပ်သည့် ကဏ္ဍအပေါ်ယှဉ်ပြိုင်မှု တိုးလာစေမည်ဖြစ်ပြီး အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် အိမ်ယာနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

 

Source; https://pco.gov.ph/news_releases/malacanang-allows-temporary-modified-import-duty-on-natural-gypsum-anhydrite-to-support-housing-and-infra-programs/

(ကေသွယ်ခိုင်၊စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News