International News

ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းအသစ် ၁၆၂,၅၀၀ ပေါ်ထွက်လာရန် မျှော်လင့်

Last Updated:

ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းအင်းရုံး (GSO) က ယခုနှစ်အတွင်း စီးပွားရေးလုပ်ငန်း အသစ် ၁၆၂,၅၀၀ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း၊ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်းတိုးလာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ဆိုင်းငံ့ထားသော စီးပွားရေးလုပ်ငန်း ၆၈,၀၀၀ ခန့် သည်လည်း လုပ်ငန်းလည်ပတ်မှု ပြန်လည်စတင်နေပြီးဖြစ်ကြောင်း ၊ယခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း The Sigon Times အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

ဗီယက်နမ် အထွေထွေစာရင်းရုံး GSO ၏ ခန့်မှန်းချက်များသည် ၂၀၂၃ ခုနှစ်အတွင်း လုပ်ငန်းမှတ်ပုံ တင်မှုအခြေအနေများအပေါ် ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ယခုနှစ်အတွင်း ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအလားအလာများအပေါ် ပြန်လည်သုံးသပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်က စတင်ခဲ့သည့် စီးပွားရေးမူဝါဒမက်လုံးများမှ အကျိုးအမြတ်ရရှိကာ ယခုနှစ်တွင်လည်း စီးပွားရေး ပြန်လည်ဦးမော့လာမည့် အရှိန်ကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်ထားသည်။ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၊ အိမ်ခြံမြေဈေးကွက်၊ ဗီယက်နမ်ရှိ ကော်ပိုရိတ် ငွေချေးစာချုပ်များ ထုတ်ပေးသည့် အဖွဲ့အစည်းများအနေဖြင့် အနာဂတ်တွင် လျော့နည်းသွားဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများသည် စက်မှုလုပ်ငန်း၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပါအဝင် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးကဏ္ဍ အသီးသီးတွင် သက်ရောက်မှုရှိနေဆဲဖြစ်ကြောင်း၊ ယခုနှစ် ဈေးကွက်မှ နုတ်ထွက်နိုင်သည့် အရေအတွက်သည် ယခင်နှစ် ၁၇၈,၀၀၀ နှင့် နှိုင်းယှဉ်ပါက ၃.၅ ရာခိုင်နှုန်း တိုးလာနိုင်ကြောင်း အထွေထွေစာရင်းအင်းရုံးမှ ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

 

 

 

Source: The Sigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News