International News

AI အခွင့်အလမ်းအသစ်များကို စင်ကာပူအသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ အသုံးပြုနိုင်စေမည့် Generative Artificial Intelligence (GenAI)

Last Updated:

Generative Artificial Intelligence (GenAI) ကို အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းများ အသုံးပြုလာနိုင်စေရေးအတွက် Enterprise Singapore နှင့် Infocomm Media Development Authority တို့က GenAI Sandbox ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ က တရားဝင်ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်မှုသည် စင်ကာပူ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများအတွက် GenAI ကို ပိုမိုအသုံးပြုလာနိုင်စေရေး ကနဦးခြေလှမ်းဖြစ်ပြီး AI ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးစနစ်ခိုင်မာအားကောင်းလာစေရေး အားထုတ်မှုလည်းဖြစ်ပါသည်။

GenAI သည် လက်လီလုပ်ငန်းများ၊ အစားအသောက်ကဏ္ဍ၊ ပညာရေး၊ ခရီးတည်းခို နေထိုင်ရေးကဏ္ဍများအပါအဝင် စင်ကာပူအသေးစားအလတ်စားစီးပွားရေးလုပ်ငန်း ၃၀၀ ကျော်ကို ဈေးကွက်ရှာဖွေခြင်းနှင့်ရောင်းချခြင်း (Marketing and Sales)၊ ဝယ်ယူအသုံးပြုသူ နှင့်ဆက်သွယ်ခြင်း (Customer Engagement) တို့တွင် AI အသုံးပြုခြင်းဖြင့် အကျိုးဖြစ်ထွန်း စေမည်ဟု မျှော်မှန်းထားပါသည်။

ဈေးကွက်ရှာဖွေခြင်းနှင့် ရောင်းချခြင်းအပိုင်းတွင် ပါဝင်သည့်နည်းလမ်းများကို အသုံးပြု၍ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် အီးမေးလ်များကို သီးသန့် ပြုလုပ်ခြင်း၊ အများပြည်သူကို ဆွဲဆောင်မှုအနေဖြင့် လူမှုကွန်ယက်တွင် လုပ်ငန်းနှင့် သက်ဆိုင်သည့် အချက်အလက်များတင်ခြင်းစသည့် ဈေးကွက်ရှာဖွေရေးနည်းလမ်း အမျိုးမျိုးကို ဆောင်ရွက်နိုင်စေမည်ဖြစ်ပါသည်။ လုပ်ငန်းများအနေဖြင့် ဈေးကွက်ရှာဖွေရာတွင် အချိန်ကုန်သက်သာကာ GenAI ၏ အသုံးချနိုင်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။

ဝယ်ယူအသုံးပြုသူနှင့် ဆက်သွယ်ခြင်းအပိုင်းတွင် ပါဝင်သည့် နည်းလမ်းများသည် GenAI အသုံးပြုထားသည့် ဝယ်ယူသုံးစွဲသူနှင့် အပြန်အလှန်ပြောဆိုနိုင်သည့် chatbot များကို ပိုမိုအဆင့်မြင့်စေမည်ဖြစ်ပါသည်။ ဝယ်ယူသုံးစွဲသူ (Customer) များအနေဖြင့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်ပြီး တစ်ဦးချင်းစီအတွက် အကြံပြုချက်များနှင့် ကြိုတင်ချိန်းဆိုချက်များကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

Enterprise Singapore နှင့် Infocomm Media Development Authority တို့ အနေဖြင့် GenAI ၁၃ ခုကို သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် အကုန်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ စင်ကာပူ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ အနေဖြင့် GenAI Sandbox တွင် ပါဝင်ရန်အတွက် လျှောက်ထားနိုင်ပြီး အရည်အချင်း ပြည့်မီသူများအနေဖြင့် GenAI ၁၃ ခုအနက် ကြိုက်နှစ်သက်ရာ တစ်ခုကို ၃ လ စမ်းသပ်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ GenAI အသုံးပြုသည့် အတွေ့အကြုံများရရှိမည်ဖြစ်ကာ ၎င်း၏ လုပ်ငန်းတွင် GenAI ၏ လုပ်ဆောင်ချက်များကို ပိုမိုနားလည်လာမည်ဖြစ်ပြီး လုပ်ငန်းအတွက် အကျိုးရှိစေမည်ဖြစ်ပါသည်။

Infocomm Media Development Authority ၏ Assistant Chief Executive ဖြစ်သူ Leong Der Yao က GenAI ၏ သက်ရောက်မှုဖြင့် အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းများသည် နည်းပညာ၏ အကျိုးကျေးဇူးကို ခံစားနိုင်မည်ဖြစ်ပြီး ဒီဂျစ်တယ်အသုံးပြုမှု ပိုမိုတွင်ကျယ်လာစေမည်ဖြစ်ကြောင်း၊ ယခုပြုလုပ်သည့်အစီအစဉ်သည် GenAI ကို အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုအသုံးပြုလာစေခြင်းရန် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Enterprise Singapore ၏ Assistant Chief Executive Officer ဖြစ်သူ Soh Leng Wan က GenAI ကို အဆင်သင့် အသုံးပြုနိုင်စေရေး ဆောင်ရွက်မှုသည် AI စီးပွားရေးစနစ်ဖွံ့ဖြိုးတိုးတက်လာစေရေး အစိုးရ - ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုတစ်ခုဖြစ်ကြာင်း၊ GenAI မှ စီးပွားရေးလုပ်ငန်းများအတွက် မည်သို့အကျိုး ဖြစ်ထွန်းစေမည်ကို သိရှိစေရန် ယခုအစီအစဉ်တွင် ပါဝင်ကြရန် စင်ကာပူ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို တိုက်တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် ၎င်း၏ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာလုပ်ငန်းကြီးများနှင့် လက်တွဲဆောင်ရွက်နိုင်ရေးအတွက် အသစ်သစ်သော နည်းပညာများကို လက်လှမ်းမီစေရေး အထောက်အပံ့ပေးမှုတစ်ခုအနေဖြင့် ဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

 

 

ရင်းမြစ်။        Enterprise Singapore

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News