International News

၂၀၂၄ ခုနှစ် အရှေ့တိုင်းနှစ်သစ်ကူးအားလပ်ရက်အတွင်း ဗီယက်နမ်လေကြောင်းမှ ခရီးသည် တစ်သိန်းအတွက် တိုးချဲ့ပြေးဆွဲ

Last Updated:

ဗီယက်နမ် လေကြောင်းလိုင်းအုပ်စုဖြစ်သည့် ဗီယက်နမ်လေကြောင်းလိုင်း၊ ပစိဖိတ်လေကြောင်းလိုင်းနှင့် ဗီယက်နမ်လေကြောင်းဝန်ဆောင်မှုကုမ္ပဏီ (VASCO) တို့သည် အရှေ့တိုင်း နှစ်သစ်ကူးအားလပ်ရက်အတွင်း ခရီးစဉ်ပေါင်း ၅၅၀ နီးပါးနှင့် ညီမျှသည့် ခရီးသည် ၁၀၀,၀၀၀ ကျော်အတွက် တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အတွင်း ကျရောက်သည့် ဗီယက်နမ်နိုင်ငံ၏ ထူးခြားသော နှစ်သစ်ကူးအားလပ်ရက် (တက်) ခရီးသွားလာမှု လိုအပ်ချက်မြင့်မားမှုကို ဖြည့်ဆည်းပေးရန်အတွက် ဤလေကြောင်းလိုင်းအုပ်စုသည် ခရီးစဉ်ရွေးချယ်ခွင့်နှင့် ထိုင်ခုံများ ပိုမိုပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိန်းဂဏန်းများအရ အဆိုပါကာလအတွင်း ခရီးသည် ၂.၁ သန်း တိုးမြှင့်သွားမည်ဖြစ်ပြီး လေယာဉ်ခရီးစဉ် ၁၀,၇၀၀ တိုးမြှင့်စေမည်ဖြစ်သည်။

ခရီးစဉ်သစ်များသည် ဗီယက်နမ်ရှိ အဓိကမြို့ကြီးများဖြစ်သည့် ဟိုချီမင်းနှင့် ဟနွိုင်းမြို့များ အပါ အဝင် အခြားသော နာမည်ကြီးနေရာများဖြစ်သည့် ဒါနန်း၊ ဟိုင်ဖုံ၊ ဗင်း၊ သန်းဟွာ၊ ဟူး၊ ဒလတ်၊ ကန်သို၊ ညချမ်း၊ဖူရမ်နှင့် ဖူးကွပ်တို့သို့ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။

ထူးခြားသည်မှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ခရီးသည်များသည် လေကြောင်းလိုင်းများ ကြိုတင်မှာယူမှု သိသိသာသာများလာကြောင်း ဖော်ပြထားသည်။ တက် (Tet) အတွက် လက်မှတ်ဈေးနှုန်းများသည် ဝယ်လိုအား၊ ရောင်းလိုအားစသည့် ဈေးကွက်အခြေအနေပေါ်မူတည်၍ ဈေးနှုန်းများကွဲပြားသွားမည်ဖြစ်ပြီး လက်မှတ်များရောင်းချခြင်းအတွက် အမြင့်ဆုံးဈေးနှုန်း ကန့်သတ်ချက် စည်းမျဉ်းများကို လိုက်နာရန်လိုကြောင်း‌ ဖော်ပြထားသည်။

 

 

 

Source : Vietnam Plus

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News