International News

မဟာပင်လယ်ကွေ့ဒေသမှ လုပ်ငန်းများ အရှေ့တောင်အာရှဒေသကို မျက်စေ့ကျ

Last Updated:

ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသများနှင့် ကွမ်တုံးဒေသမှ ပြည်နယ် ၉ ခု ပါဝင်သည့် မဟာပင်လယ်ကွေ့ဒေသမှ စီးပွားရေးလုပ်ငန်းများအနေဖြင့် အရှေ့တောင်အာရှဒေသအား လုပ်ငန်းချဲ့ထွင်လုပ်ကိုင်ရန် ဒေသများအဖြစ်အပြင် ထုတ်ကုန်များ တင်ပို့ရောင်းချသွားနိုင်မည့် ပို့ကုန်ဈေးကွက်များအဖြစ် မြင်လာမှုများ တိုးတက်လာသည်ဟု ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီက ပြောကြားခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် RTHK သတင်းဌာနမှ “GBA firms eye opportunities in Southeast Asia” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း United Overseas ဘဏ်အပါအဝင် လုပ်ငန်းပေါင်း ၆၇၁ ခုကို စစ်တမ်းကောက်ယူရာတွင် အရှေ့တောင်အာရှနိုင်ငံများသည် စားသုံးသူဈေးကွက်ကြီး တစ်ခုဖြစ်လာကြောင်း လုပ်ငန်းထက်ဝက်ကျော်မှ ဖြေကြားပြီး၊ အာဆီယံဒေသသည် ၎င်းတို့အတွက် အရေးပါသည့် ဈေးကွက်ဖြစ်လာမည်ဖြစ်သည်ဟု ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၊ သုတေသနဌာနမှ တာဝန် ရှိသူက ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

အာဆီယံနိုင်ငံများအနက် မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှာ မဟာပင်လယ်ကွေ့ဒေသမှ လုပ်ငန်းများအတွက် အလားအလာအကောင်းဆုံး ဈေးကွက်များဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News