International News

အရှေ့တောင်အာရှဈေးကွက်သည် တရုတ်လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်သူများအတွက် အရေးပါသောနေရာတစ်ခုဖြစ်လာ

Last Updated:

တရုတ်လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် ဘက်ထရီထုတ်လုပ်သူများသည် ပိုမိုကောင်းမွန်သော စျေးကွက်ကိုရှာဖွေရန်အတွက် ပြည်ပ၌ထုတ်လုပ်မှုကို အာရုံစိုက်လျက်ရှိရာ အရှေ့တောင်အာရှဈေးကွက်သည် ထိပ်ဆုံးမှရပ်တည်နေကြောင်း chinadaily.com ၌ ဖော်ပြထားပါသည်။

တရုတ်လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Hozon က ၂၀၂၄ ခုနှစ်မှစတင်၍ အင်ဒိုနီးရှားနိုင်ငံတွင် ၎င်း၏ Neta-branded ကားများကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပြီး ကုမ္ပဏီသည် ဇူလိုင်လနှောင်းပိုင်းတွင် PT Handal Indonesia Motor နှင့် ပူးပေါင်းခဲ့ကြောင်း၊ ၎င်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒုတိယသုံးလပတ်မှစတင်ကာ လျှပ်စစ်ကားများ တပ်ဆင်ထုတ်လုပ်မှုကို စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ် (၁၀) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပသည့် Gaikindo Indonesia International Auto Show တွင် Hozon သည် ၎င်း၏ Neta-branded မော်ဒယ် (၃) ခုကို ပြသထားပြီး လူဦးရေသန်း (၂၀၀) ကျော်ရှိသော အင်ဒိုနီးရှားဈေးကွက်သို့ တရုတ်နိုင်ငံထုတ် စမတ်ကားများကို မိတ်ဆက်လိုသည်ဟု Hozon က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Hozon ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားဈေးကွက်များကို စတင်လေ့လာခဲ့ပြီး ယခုအခါ မလေးရှားနှင့် ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ အများအပြားတွင် ၎င်း၏ မော်တော်ယာဉ်များကို ရောင်းချနေပြီဖြစ် ကြောင်း၊ Hozon သည် ထိုင်းနိုင်ငံတွင် နှစ်စဉ်ကား အစင်းရေ (၂၀,၀၀၀) ထုတ်လုပ်နိုင်သည့် စက်ရုံတစ်ရုံကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အစောပိုင်းတွင် လုပ်ငန်းစတင်လည်ပတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါကုမ္ပဏီ၏ Neta အမှတ်တံဆိပ် လျှပ်စစ်ကားများသည် ထိုင်းနိုင်ငံတွင် လူကြိုက်များကြောင်း၊ စာရင်းအင်းအချက်အလက်များအရ Neta သည် ဇွန်လတွင် ထိုင်းနိုင်ငံ၌ ရောင်းအားအကောင်းဆုံး လျှပ်စစ်ကားအမှတ်တံဆိပ်ဖြစ်ပြီး စျေးကွက်ဝေစု (၂၈.၉) ရာခိုင်နှုန်းကို သိမ်းပိုက်ထားကြောင်း သိရှိရပါသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ ကားထုတ်လုပ်သည့် လုပ်ငန်းကြီးဖြစ်သည့် SAIC သည် ထိုင်းနိုင်ငံတွင် ၎င်းကုမ္ပဏီ၏ လျှပ်စစ်စွမ်းအင်သုံးကားသစ်များအတွက် အဓိကမော်တော်ကား အစိတ်အပိုင်းများ ထုတ်လုပ်မည့် new energy industrial park တစ်ခုကို ၂၀၂၃ ခုနှစ်၊ မေလတွင် စတင်တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်သူ BYD သည်လည်း ထိုင်းနိုင်ငံတွင် မော်တော်ယာဉ်များကို ၂၀၂၄ ခုနှစ်မှ စတင်ထုတ်လုပ်မည်ဖြစ်ပြီး ပြည်တွင်းရောင်းချရုံသာမက အရှေ့တောင်အာရှ ဈေးကွက်များသို့ပါ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။ နှစ်စဉ် ကားအစင်းရေ (၁၅၀,၀၀၀) ထုတ်လုပ်နိုင်သော ၎င်းတို့ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အဆိုပါစက်ရုံသည် ကုမ္ပဏီ၏ ပထမဆုံးခရီးသည်တင်ယာဉ် ထုတ်လုပ်ရေးစက်ရုံ ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအခြေစိုက် လီသီယမ်ဘက်ထရီထုတ်လုပ်သူ EVE Energy သည် မလေးရှားနိုင်ငံတွင် ကနဦးရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၄၂၂) သန်းတန်ဖိုးရှိ ၎င်း၏စက်ရုံကို အုတ်မြစ်ချခဲ့ကြောင်း၊ အဆိုပါစက်ရုံသစ်သည် ပြည်တွင်းနှင့် အရှေ့တောင်အာရှတစ်ဝန်းတွင် ထုတ်လုပ်သည့် လျှပ်စစ်သုံးနှစ်ဘီးတပ်ယာဉ်များအတွက် ဆလင်ဒါလစ်သီယမ်-အိုင်းယွန်း ဘက်ထရီများ အဓိကထုတ်လုပ်မည်ဟု ကုမ္ပဏီက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယခုရင်းနှီးမြှုပ်နှံမှုသည် EVE Energy ကုမ္ပဏီကို အကျိုးပြုရုံသာမက မလေးရှားနိုင်ငံ၌ လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများတွင် ကုမ္ပဏီများစွာ လာရောက်ရင်းနှီးမြှုပ်နှံရန် လမ်းခင်းပေးသည့် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်သည်ဟု မလေးရှားရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လက်ထောက်အမှု ဆောင်အရာရှိချုပ် Lim Bee Vian က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

EVE Energy ကဲ့သို့သောလုပ်ငန်းများနှင့် ပူးပေါင်းခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဆိုင်ရာတိုးတက်မှုရှိသော ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံသည် ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိစေရန် ကတိပြုထားသောကြောင့် ယခုစီမံကိန်းသည် မလေးရှားနိုင်ငံ၏ အမျိုးသားမော်တော်ယာဉ်မူဝါဒ ၂၀၂၀ နှင့် ကိုက်ညီသည်ဟု Lim က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: www.chinadaily.com.cn/a/202308/14/WS64d96449a31035260b81bded.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News