International News

မိုးခေါင်မှုကြောင့် လာအိုနိုင်ငံမှ ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား တင်သွင်းမှု အကန့်အသတ် ရှိနိုင်

Last Updated:

ထိုင်းနိုင်ငံသည် လာအိုမှ ရေစွမ်းအင်ဖြင့် ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တင်သွင်းနေရသဖြင့် မိုးခေါင်မှုကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထောက်ပံ့မှုအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လာအို၏ မြစ်အတွင်းတွင်လည်း ရေပမာဏ နည်းပါးသွားခြင်းကြောင့်ဖြစ်ကြောင်း ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အာဏာပိုင်က ပြောကြားခဲ့ပါသည်။

မိုးခေါင်မှုသည် ပြင်းထန်လာပါက လာအိုရှိ ရေအားဖြင့် စွမ်းအင်ထုတ်လုပ်သည့် စက်ရုံများသည် ဓာတ်အားထုတ်လုပ်မှု နည်းပါးသွားနိုင်ပါကြောင်း၊ တင်သွင်းမှုလည်း လျော့နည်းလာနိုင်ကြောင်း၊  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုရေးအစီအစဉ်အရ လာအိုနိုင်ငံမှ ၁၀,၅၀၀ မီဂါဝဒ် ဝယ်ယူရေးစာချုပ်ကို နှစ်ဖက်လက်မှတ်ရေးထိုးထားပါကြောင်း၊ Nam Ngum 2 နှင့် Xayaburi တို့ရှိ စက်ရုံ ၂ ရုံမှ ရောင်းချပါကြောင်း အာဏာပိုင်၏ ဥက္ကဋ္ဌဖြစ်သူ Mr. Boonyanit Wongrukmit က ဖြည့်စွက်ပြောကြားပါသည်။

Nam Ngum နှင့် မဲခေါင်မြစ်တို့တွင်တည်ရှိသော ယင်းစက်ရုံ ၂ ရုံသည် ရေပမာဏ နည်းလာသဖြင့် စွမ်းအင်ရောင်းချမှုကိုလည်း လျှော့ချလာနိုင်ကြောင်း၊ အယ်လ်နီညိုကြောင့် နိုင်ငံအများစုတွင် မိုးခေါင်မှုနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဒေသတွင်းတွင် မိုးခေါင်မှုကို စောင့်ကြည့်လျက်ရှိပြီး နိုင်ငံအတွက် ဓာတ်အားလုံလောက်မှုရှိစေရေးအတွက် အစီအမံများ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ရေအားဖြင့် ဓာတ်အားထုတ်လုပ်ခြင်းသည် ရုပ်ကြွင်းလောင်စာ သုံးစွဲခြင်းကြောင့် ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျှော့ချမည့် စည်းရုံးရေး တစ်ရပ်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ပြယ်ခြင်းအဆင့်သို့ ရောက်ရှိရမည်ဖြစ်ကြောင်း၊ အာဏာပိုင်အနေဖြင့်လည်း စွမ်းအင်ကို ပြန်လည်ပြည့်ဖြိုးမြဲ ရင်းမြစ်များမှ ထုတ်လုပ်ရန် အာရုံစိုက်လျက်ရှိကြောင်း၊ ယခုနှစ်တွင် Uttaradit ၏ မြောက်ပိုင်းပြည်နယ်အတွင်း ၁၀ ခု မြောက် ရေအားဖြင့် ဓာတ်အားထုတ်စက်ရုံအသေးကို စတင်လည်ပတ်ပါကြောင်း ဖြည့်စွက် ပြောကြားပါသည်။

နောင် ၁၅ နှစ်အတွင်း နိုင်ငံအဝှမ်း၌ စုစုပေါင်း ၂,၇၅၀ မီဂါဝဒ် စွမ်းအင်ထုတ်နိုင်သော ရေပေါ်ဆိုလာ (Floating Solar) Farm ၁၅ ခုထိ တည်ဆောက်သွားရန် လျာထားပါကြောင်း၊ နိုင်ငံအရှေ့မြောက်ဘက် Khon Kaen ရှိ Ubolratana ဆည်တွင် ၂၅ မီဂါဝဒ် စွမ်းရည်ရှိ ရေပေါ်ဆိုလာ (Floating Solar) Farm အသစ်တည်ဆောက်ရန် ဆောင်ရွက်နေပါကြောင်း၊ ပထမဆုံး ရေပေါ်ဆိုလာ (Floating Solar) Farm မှာ Ubon Ratchathani ရှိ Sirindhorn ဆည်တွင်ဖြစ်ကြောင်း Mr. Boonyanit က ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: International News