International News

အမေရိကန်ဒေါ်လာတန်ဖိုးအားကောင်းလာခြင်းနှင့်တရုတ်နိုင်ငံတွင်း ကုန်စည်နှင့်ဝန်ဆောင်မှုတန်ဖိုးများကျဆင်းခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ ဝမ်ငွေတန်ဖိုးကျဆင်း

Last Updated:

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း တောင်ကိုရီးယားနိုင်ငံသုံးဝမ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် တစ်ဒေါ်လာလျှင် ဝမ် ၇၀ နီးပါး တန်ဖိုးကျဆင်းခဲ့ပြီး တစ်ဒေါ်လာလျှင် ဝမ် ၁၃၀၀ ကျော်အထိရောက်ရှိ တန်ဖိုးကျဆင်းလာခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့က တစ်ဒေါ်လာလျှင် ၁၂၇၅ ဝမ် ဝန်းကျင်တွင် ရှိနေခဲ့ရာမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၄၁ ဝမ်အထိ ရောက်ရှိတန်ဖိုးကျလာခဲ့ပါသည်။  

ဝမ်ငွေတန်ဖိုးကျဆင်းလာရခြင်းအဓိကအကြောင်းရင်းမှာ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးသည် မျှော်လင့်ထားသည်ထက် အားကောင်းလာပြီး အမေရိကန်ဒေါ်လာသည်သာလျှင် လုံခြုံစိတ်ချရမှုအရှိဆုံး ငွေကြေးအဖြစ်ယူဆလာခြင်းကြောင့် ဖြစ်ပါသည်။ ထို့ပြင်  တောင်ကိုရီးယား နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးနလန်ထူလာမှု အားနည်းနေပြီး နိုင်ငံတွင်းကုန်စည်နှင့် ဝန်ဆောင်မှုတန်ဖိုးများကျဆင်းကာ ငွေကြေးကျုံ့ခြင်းအခြေအနေသို့ ရောက်ရှိနေခြင်းကြောင့်လည်း ဝမ်ငွေတန်ဖိုးကျဆင်းခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြပါသည်။ ကုန်သွယ်မှုအပေါ်အားကိုးသည့် စီးပွာရေးဖြစ်သည့်အတွက် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏စီးပွားရေးအခြေအနေမကောင်းခြင်းသည် တောင်ကိုရီးယား၏စီးပွားရေးကို ထိခိုက်စေသည့်အပြင် ငွေကြေးဈေးကွက်ကိုလည်း မတည်မငြိမ်ဖြစ်စေသည်ဟု ကိုရီးယား စီးပွားရေးသုတေသနသိပ္ပံ (Korea Economic Research Institute- KERI) မှ စီးပွားရေးမူဝါဒ အဖွဲ့ခေါင်းဆောင် Mr. Lee Sang-ho က ပြောကြားပါသည်။  

အထက်ပါအကြောင်းရင်းများအပြင် ၂၀၁၈ ခုနှစ်ကတည်းက တောင်ကိုရီးယားနိုင်ငံတွင် အေးခဲထားခဲ့သည့်  အီရန်နိုင်ငံပိုင်ငွေကြေးဖြစ်သည့် အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိ ဝမ်ငွေများကို အရေးယူပိတ်ဆို့မှု မရှိသော ကုန်ပစ္စည်းများ (non-sanctioned goods) များဖြစ်သည့် အစားအသောက်၊ ဆေးဝါးစသည်တို့အတွက် သုံးစွဲခွင့်ပြုလိုက်ခြင်းကြောင့် အဆိုပါငွေကြေးများကို ဆိုးလ်မြို့ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးများအဖြစ် ပြောင်းလဲ၍  အခြားနိုင်ငံသို့ လွှဲပြောင်းမှုများ ပြုလုပ်ကြမည်ဟု ရင်းနှီးမြှုပ်နှံသူများက အလွန်အမင်းစိုးရိမ်ပူပန်မှု များကြီးမားလာခြင်းသည်လည်း ငွေကြေးတန်ဖိုးကျဆင်းရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်ဟု ငွေကြေးဈေးကွက်လေ့လာသူများက ပြောကြားပါသည်။

ကိုရီးယားနိုင်ငံ၏ ရှင်ဟန်ဘဏ် (Shinhan Bank) က ယခုတစ်ပတ်အတွင်း တောင်ကိုရီးယား ဝမ်ငွေတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁၃၁၅ ဝမ်မှ ၁၃၄၅ ဝမ်အကြားတွင်ရှိနေမည်ဟု ခန့်မှန်းထားပါသည်။ အကယ်၍ စိုးရိမ်မှုများကြောင့် ငွေကြေးဈေးကွက်အတွင်းတင်းမာမှုများ ဆက်လက်ရှိနေပါက အစိုးရက ဈေးကွက်တည်ငြိမ်အောင် ဝင်ရောက်ဖြေရှင်းသွားမည်ဖြစ်ပါကြောင်းနှင့် ဝမ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ငွေကြေးဖောင်းပွမှုရှိလာပြီး နိုင်ငံ၏စီးပွားရေးကို ဆွဲချသွားနိုင်သည်ဆိုသော စိုးရိမ်မှုများ ရှိရန်မလိုကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Mr. Choo Kyung-ho က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

 

 

 

Source: https://www.koreatimes.co.kr/www/biz/2023/08/488_357076.html

             https://www.koreaherald.com/view.php?ud=20230816000664

( စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News