International News

တောင်ကိုရီးယားနိုင်ငံတွင် ချစ်ပ်ပြားများကို တစ်နေရာတည်းတွင်စု၍ ထုတ်လုပ်မည့်အစီအစဉ် အတွက် ဝမ်ငွေ ၆၂၂ ထရီလီယံ ရင်းနှီးမြှုပ်နှံသွား မည်ဟု သမ္မတယွန်ဆုခ်ယော်က ကြေညာခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ အနောက်မြောက်အစွန်းရှိ Gyeonggi ပြည်နယ်၏ တောင်ပိုင်း (ဆိုးလ်မြို့၏တောင်ဘက်) တွင် နိုင်ငံ၏အဓိကပို့ကုန် ချစ်ပ်ပြားများကို တစ်နေရာတည်းတွင်စု၍ ထုတ်လုပ်ရန် စက်ရုံနှင့် အဆောက်အဦများ (Chip Cluster) တည်ဆောက်ရေးအတွက် တောင်ကိုရီးယား ဝမ်ငွေ ၆၂၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၇၁.၄ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပါကြောင်း တောင်ကိုရီးယားနိုင်ငံသမ္မတ ယွန်ဆုခ်ယော်က ၁၅-၁-၂၀၂၄ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ဆူဝန်မြို့ရှိ Sungkyunkwan University ၏ သဘာဝသိပ္ပံကျောင်းဝင်း (Natural Sciences Campus) တွင် ကျင်းပခဲ့သည့် လူထုဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါသည်။ အဆိုပါ Chip Cluster က အလုပ်အကိုင်ပေါင်း ၃ သန်းကို ဖန်တီးပေးနိုင်မည်ဟုလည်း သမ္မတယွန်းက ပြောကြားခဲ့ပါသည်။

Gyeonggi ပြည်နယ်၏တောင်ပိုင်းတွင် ချစ်ပ်ပြားများထုတ်လုပ်သည့် စက်ရုံများကို နှစ်ဆတိုးမြှင့်၍ ၃၇ ရုံအထိ တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊ စက်ရုံအသစ် ၁၆ ရုံကို ၂၀၄၇ ခုနှစ်တွင် အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ချစ်ပ်ပြားများ ထုတ်လုပ်ခြင်းအပြင် ချစ်ပ်ပြားများကို စမ်းသပ်စစ်ဆေးပေးသည့်ဝန်ဆောင်မှုလုပ်ငန်းများနှင့် သုတေသနများပြုလုပ်ရန် စက်ရုံနှင့် အဆောက်အဦများအား ဆိုးလ်မြို့၏တောင်ဘက်ရှိ အဓိကမြို့ကြီးများဖြစ်သည့် အန်ဆန်းမြို့၊ ဆူဝန်မြို့၊ အင်ချွန်းမြို့စသည့်မြို့များကို ဝန်းရံ၍တည်ဆောက်သွားမည်ဟု ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက သီးခြားထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားပါသည်။

စုစုပေါင်းမြေအကျယ် စတုရန်းမီတာ ၂၁ သန်းပေါ်တွင် တည်ဆောက်သွားမည့် Chip Cluster မှ တစ်လလျှင် အလယ်အလတ်အရွယ်အစားရှိ ချစ်ပ်ပြား (200-Millimeter-Equivalent Wafers) အရေအတွက် စုစုပေါင်း ၇.၇ သန်းအထိ ထုတ်လုပ်နိုင်မည် ရည်မှန်းထားပါသည်။ Chip Cluster ဧရိယာတွင် လျှပ်စစ်မီးလုံလုံလောက်လောက်ရရှိရန်စေရေးအတွက် နျူကလီးယားဓါတ် အားပေးစက်ရုံကိုပါ ထည့်သွင်းတည်ဆောက်ရန် သမ္မတယွန်းကတိုက်တွန်းထားပါသည်။

ချစ်ပ်ပြားများထုတ်လုပ်သည့် အခြေခံအဆောက်အဦများအတွက် ငွေကြေးကုန်ကျခံတည်ဆောက်ထားသည့် ကုမ္ပဏီကြီးများကို အခွန်ဆိုင်ရာမက်လုံးများပေးထားသည့်အစီအစဉ်သည် ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ထပ်မံသက်တမ်းတိုးမည့် အစီအစဉ်ရှိကြောင်း သမ္မတယွန်းက လူထုဆွေးနွေးပွဲတွင် အရိပ် အမြွက်ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့မှတ်ဉာဏ် ချစ်ပ်ပြားများဈေးကွက်၏ ၆၀ ရာခိုင်နှုန်းကျော်ကို ရယူထားနိုင်သော Samsung Electronics နှင့် SK Hynix တို့တည်ရှိရာနိုင်ငံဖြစ်သည့်အပြင် Samsung Electronics သည် ချစ်ပ်ပြားဒီဇိုင်းဆွဲထုတ်လုပ်မှုတွင် ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး လုပ်ငန်းကြီး တစ်ခုလည်း ဖြစ်ပါသည်။       

ချစ်ပ်ပြားများသည် တောင်ကိုရီးယားနိုင်ငံ၏ အဓိကပို့ကုန်အဖြစ် လွန်ခဲ့သည့် ၁၁ နှစ် ကတည်းက ရပ်တည်နေခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ချစ်ပ်ပြားတင်ပို့မှု ၂၃.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဝင်ငွေ အမေရိကန်‌ဒေါ်လာ ၉၈.၆ ဘီလီယံသာရရှိခဲ့ပါသည်။ သို့သော် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ချစ်ပ်ပြားတင်ပို့မှုအခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။

 

                                                                                                                                                                     

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

 

Category: International News