International News

ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်စည်ကုန်သွယ်မှု ၂ ဒသမ ၁ ရာခိုင်နှုန်း မြှင့်တက်

Last Updated:

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏမှာ ယွမ် ၂၀ ဒသမ ၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ထရီလီယံ) ဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေး၏ ကြာသပတေးနေ့ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရသည်။

ပို့ကုန်အနေဖြင့် ယွမ် ၁၁ ဒသမ ၄၆ ထရီလီယံ တစ်နှစ်ထက်တစ်နှစ် ၃ ဒသမ ၇ ရာခိုင်နှုန်း မြှင့်တက်လာသော်လည်း သွင်းကုန်အနေဖြင့် ယွမ် ၈.၆၄ ထရီလီယံဖြင့် ယခင် နှစ်ကထက် ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းလာခဲ့ပါသည်။

တရုတ်နိုင်ငံသည် ပြင်းထန်ပြီးရှုပ်ထွေးသော အခြေအနေများရှိနေသော်လည်း နိုင်ငံ၏စီးပွားရေးစွမ်းဆောင်နိုင်မှုတစ်ခုလုံးကို အတက်ဘက်သို့ရောက်ရှိကြောင်း၊ နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏနှင့်အရည်အသွေးသည် ယခုနှစ်ပထမခြောက်လအတွင်း မျှော်မှန်းချက်နှင့်အညီ တဖြည်းဖြည်း တိုးတက်လာကြောင်း အကောက်ခွန်အထွေထွေအုပ်ရေးအဖွဲ၏ ပြောရေးဆိုခွင့်ရှိသူ Lyu Daliang က ပြောကြားခဲ့သည်။

JLL Greater China မှ ဘောဂဗေဒပညာရှင်နှင့် သုတေသနအကြီးအကဲ Bruce Pang က တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုအပေါ် အပြုသဘောဆောင်သော အမြင်ကို ထုတ်ဖော်ပြာ ကြားခဲသည်။ အမေရိကန်ဒေါ်လာတန်ဖိုး အားကောင်းလာခြင်းသည် တရုတ်နိုင်ငံပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တစ်လျောက် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ဆက်၍ခိုင်မာလာစေကြောင်း ပြောကြားခဲ့သည်။ “ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် လျှပ်စစ်စက်ပစ္စည်းဆိုင်ရာထုတ်ကုန်များ၊ လျှပ်စစ်ကားများ၏တင်ပို့နိုင်မှုမှာ ဆက်လက်မြှင့်တက်နေပြီး Belt and Road နိုင်ငံများ၏ ဝယ်လိုအားမှာလည်း ခိုင်မာနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် Belt and Road လမ်းကြောင်းတစ်လျှောက်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၉ ဒသမ ၈ ရာခိုင်နှုန်းသို့ မြှင့်တက်သွားပြီး နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၃၄ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။

လတ်တလောတွင် အရှေ့တောင်အာရှနိုင်ငံများအသင်းသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ စုစုပေါင်းသွင်းကုန်နှင့် ပို့ကုန်ပမာဏမှာ ယွမ် ၃ ဒသမ ၀၈ ထရီလီယံသို့ တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာပြီး စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၁၅ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်အဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုတန်ဖိုးမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါကတစ်နှစ်ထက်တစ်နှစ် ၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကိန်းဂဏန်းအချက်အလက်များက ဖော်ပြနေသည်။

သုံးသပ်တင်ပြချက်

တရုတ်နိုင်ငံ၏ ကုန်သွယ်မှုအခြေအနေတွင် ပို့ကုန်တင်ပို့နိုင်မှုသည် သွင်းကုန်တင်သွင်းနိုင်မှု ပိုမိုနေပြီး Belt and Road နိုင်ငံများနှင့် ကုန်သွယ်မှုမှာ ရာခိုင်နှုန်းပိုမိုနေသည်ကို တွေ့ရှိရသည်။ တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံများအပြင် Belt and Road လမ်းကြောင်းတစ်လျှောက်နိုင်ငံများနှင့် ကုန်သွယ်မှုကို အားထားဆောင်ရွက်နေရသဖြင့် အဆိုပါနိုင်ငံများနှင့် ချိတ်ဆက်နိုင်သည့် လမ်းကြောင်းများ တည်ထောင်ခြင်းနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်းတို့ကို ပိုမို အလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိုမိုဖွံ့ဖြိုးအောင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆက်လက်အားကောင်းအောင် ဆောင်ရွက်သင့်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://news.cgtn.com/news/China-s-foreign-trade-in-goods-up-2-1-in-H1-1loLYjk2nT2/index.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News