International News

၂၀၂၃ ခုနှစ်၊ ပထမ ၅ လအတွင်း ဟောင်ကောင်ဒေသသို့ကုမ္ပဏီ ၁၈၆ ခု ဝင်ရောက်လာ

Last Updated:

၂၀၂၃ ခုနှစ်၊ ပထမ ၅ လအတွင်း ကုမ္ပဏီ ၁၈၆ ခု ဟောင်ကောင်ဒေသ၌ လုပ်ငန်းများ လာရောက်ဖွင့်လှစ်ခဲ့ကြောင်းနှင့် ဟောင်ကောင်ဒေသအစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် ၃ နှစ်အတွင်း လုပ်ငန်း ၁,၁၀၀ ကျော်ကို ဟောင်ကောင်ဒေသသို့ လာရောက်လုပ်ကိုင်ရန် ဆွဲဆောင်နိုင်ရေး ရည်မှန်းချက်ကို ပြည့်မီနိုင်သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

ဟောင်ကောင်ဒေသအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးအချို့ကို ဆွဲဆောင်နိုင်ခြင်းနှင့်အတူ အသေးစားနှင့်အလတ် စား လုပ်ငန်းများမှာ အများစုဖြစ်ကြောင်းနှင့် ယေဘုယျအားဖြင့် ဟောင်ကောင်သို့ လာရောက်လုပ်ကိုင်သည့် လုပ်ငန်းများမှာ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဆိုင်ရာ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ ပထမငါးလအတွင်း ကုမ္ပဏီ ၁၈၆ ခု ဟောင်ကောင်ဒေသသို့ လာရောက်လုပ်ကိုင်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး Algernon Yau Ying-wah က ပြောကြားခဲ့ပါသည်။

ယမန်နှစ်တွင် ပြောကြားခဲ့သည့် ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူး John Lee Ka-chiu မူဝါဒဆိုင်ရာမိန့်ခွန်းတွင် ၂၀၂၅ နှစ်ကုန်၌ ဟောင်ကောင်ဒေသသို့ လုပ်ငန်းပေါင်း ၁,၁၃၀ လာရောက်စေရေးဆွဲဆောင်ရန် ပြောကြားထားခဲ့ရာ လက်ရှိဝင်ရောက်လာသည့် အရေအတွက်မှာ မျှော်မှန်းထားသည့် ပမာဏ၏ ၁၆.၅ ရာခိုင်နှုန်းရှိသည်ဟု Yau က ပြောကြားခဲ့ပါသည်။

ကိုဗစ်-၁၉ ကန့်သတ်မှုများနှင့် ၂၀၁၉ တွင် ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများကြောင့် နှောင့်နှေးခဲ့သည့် စီးပွားရေးတိုးတက်မှုကို ပြန်လည်ကုစားနိုင်ရန်အတွက် ဟောင်ကောင်ဒေသ အစိုးရအနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်နိုင်မည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါ ဆောင်ရွက်များတွင် အကောင်းဆုံး တက္ကသိုလ်များမှဘွဲ့ရများနှင့် ဝင်ငွေမြင့်မားသူများကို ဦးတည်ဆွဲဆောင်သည့် new talent အစီအစဉ်စတင်ခြင်း၊ သီးခြားမက်လုံးများပေးခြင်းဖြင့် အလားအလာရှိကောင်းသည့် လုပ်ငန်းများကို ဆွဲဆောင်နိုင်ရန် the Office for Attracting Strategic Enterprises ကို တည်ထောင်ခြင်းများ လုပ်ဆောင်သကဲ့သို့ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းမှတစ်ဆင့် လုပ်ငန်းများကို ဆွဲဆောင်ရန် ရည်ရွယ်ပြီး ဟောင်ကောင်ဒေသ၏ အနာဂတ်ရန်ပုံငွေမှ ဟောင်ကောင်ဒေါ်လာ ၃၀ ဘီလီယံကို “Co Investment Fund” ထူထောင်ရန် ခွဲဝေချထားခဲ့ များပါဝင်ပါသည်။

၂၀၂၃ ခုနှစ်၊ ပထမ ၅ လအတွင်း ကုမ္ပဏီ ၁၅၀ ခန့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တိုးတက်မှု ရှိခဲ့ကြောင်းနှင့် စီးပွားရေးလုပ်ငန်းလျှို့ဝှက်ချက်များကို ထိန်းသိမ်းရန် လိုအပ်သောကြောင့် ပါဝင်သည့် ကုမ္ပဏီများနှင့်စပ်လျဉ်း၍ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိကြောင်း၊ သို့သော်လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော လုပ်ငန်းများတွင် တရုတ်ပြည်မ၊ ဥရောပနှင့် အမေရိကတို့မှ လုပ်ငန်းများပါဝင်သည်ဟု Yau က ဇွန်လ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News