International News

EV (Electric Vehicle) ကဏ္ဍအတွက် Chip ပြတ်လပ်မှု ထပ်မံကြုံတွေ့နိုင်ဖွယ်ရှိ

Last Updated:

အမေရိကန်-တရုတ် ကုန်သွယ်ရေးအငြင်းပွားမှု၏ ရလဒ်အဖြစ် သတ္တုအမျိုးအစား (၂) ခု တင်ပို့ခြင်းအပေါ် ကန့်သတ်လိုက်သည့် တရုတ်၏ မကြာသေးမီက ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အရ EV (Electric Vehicle) ထုတ်လုပ်သူများအတွက် Chip ပြတ်လပ်မှု ထပ်မံကြုံတွေ့နိုင်ဖွယ်ရှိကြောင်း ထိုင်း စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က ပြောကြားလိုက်ပါသည်။

Chip နှင့် EV စက်မှုလုပ်ငန်းများတွင် အသုံးပြုသော Gallium နှင့် Germanium ပစ္စည်းများအား ကုန်သွယ်မှုအပေါ် ဩဂုတ် ၁ ရက်နေ့မှစ၍ ထိန်းချုပ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘေဂျင်း ထုတ်ပြန်ချက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်အပေါ် အနှောင့်အယှက်ဖြစ်နိုင်သကဲ့သို့ ဝါရှင်တန်နှင့် ကုန်သွယ်မှုပဋိပက္ခကို ပြင်းထန်လာစေနိုင်မည်ဟု မျှော်လင့်ရကြောင်း မီဒီယာများက ထုတ်ပြန်ကြပါသည်။

တရုတ်အစိုးရက ယင်းသို့ဆောင်ရွက်ခြင်းသည် အမျိုးသားလုံခြုံရေးကို ကာကွယ်ခြင်းဖြစ်သည်ဟု ပြောဆိုထားသော်လည်း သုံးသပ်သူများက တရုတ်၏ နည်းပညာများ တိုးတက်မှုအပေါ် အမေရိကန်၏ ကြိုးပမ်းလာမှုကို တုန့်ပြန်ခြင်းဖြစ်နိုင်သည်ဟု ရှုမြင်ကြပါသည်။

Chip ပြတ်လပ်မှုသည် ထိုင်းနိုင်ငံ၌ မတ်လအတွင်းတွင် သက်သာခဲ့သဖြင့် မော်တော်ယာဉ် ထုတ်လုပ်သူများ၏ ထုတ်လုပ်မှုအတွက်လိုအပ်သော တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Semiconductors) အပေါ် စိုးရိမ်မှုလျော့ကျသွားခဲ့ပါကြောင်း၊ EV နှင့် လျှပ်စစ်စက်မှုလုပ်ငန်းအများစုသည် Chip ပြတ်လပ်မှုကို စိုးရိမ်ကြသဖြင့် ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ရှားပါးမှုကန့်သတ်ချက်များ၏ သက်ရောက်မှုများအပေါ် စောင့်ကြည့်နေကြောင်း အသင်းချုပ်၏ ဥက္ကဋ္ဌ ဖြစ်သူ Mr. Kriengkrai Thiennukul က ပြောကြားပါသည်။

သတ္တုအမျိုးအစား ၂ မျိုးလုံးသည် EV လုပ်ငန်းတွင် အသုံးပြုပါကြောင်း၊ အချို့ ကုမ္ပဏီများသည် ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားကြပြီး ၂-၃ လ အတွက် အသုံးပြုရန်ပစ္စည်းများ လုံလောက်နေပြီဖြစ်ကြောင်း၊ Chip ပြတ်လပ်မှုသည် ထိုင်းမော်တော်ယာဉ် ထုတ်လုပ်သူများအား ယခုနှစ် ထုတ်လုပ်မည့် လျာထားအရေအတွက်သို့ ရောက်ရှိရန် ခက်ခဲစေမည်ဖြစ်ကြောင်း၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ မော်တော်ယာဉ်စက်မှုအသင်း၏ ၂၀၂၃ ခုနှစ် မော်တော်ယာဉ်ထုတ်လုပ်မည့် မျှော်မှန်းအရေအတွက် သည် EV အပါအဝင် အစီးရေ ၁.၉၅ သန်းဖြစ်ကြောင်း၊ တင်ပို့သွားမည့် မော်တော်ယာဉ် မှာ အစီးရေ ၁.၀၅ သန်းဖြစ်ကြောင်း Mr. Kriengkrai က ပြောကြားပါသည်။

 

 

Source:www.bangkok post. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News