International News

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန် လမ်းညွှန်ချက်အသစ်များကို ထုတ်ပြန်ခဲ့

Last Updated:

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအရင်းအနှီးများကို ပိုမိုဆွဲဆောင်ရန်နှင့် နိုင်ငံတကာ လုပ်ငန်းကြီးများအတွက် စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စေရန် လမ်းညွှန်ချက်အသစ် (၂၄) ခုကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတော်ကောင်စီမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် မူဝါဒစာတမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် လမ်းညွှန်ချက်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန် တွန်းအားပေးခြင်း၊ နိုင်ငံခြားနှင့် ပြည်တွင်းကုမ္ပဏီများကို တန်းတူဆက်ဆံခြင်းနှင့် နယ်စပ်ဖြတ်ကျော် သတင်းအချက်အလက် စီးဆင်းမှုအတွက် လွယ်ကူအဆင်ပြေပြီး လုံခြုံမှုရှိသော စီမံခန့်ခွဲမှုယန္တရားများကို ဖော်ဆောင်ခြင်း စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရှိရပါသည်။

ထို့အပြင် နိုင်ငံခြားကုမ္ပဏီများ၏ ရပိုင်ခွင့်နှင့် အကျိုးစီးပွားများကို တိုးမြှင့်ကာကွယ်ခြင်းနှင့် ၎င်းတို့အား ခိုင်မာ သောဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုနှင့် အခွန်မက်လုံးများပေးခြင်းတို့ ပါဝင်ကြောင်းလည်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် စျေးကွက်ကို ဦးတည်သော၊ ဥပဒေအခြေခံသည့် ထိပ်တန်းနိုင်ငံတကာ စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးရန်၊ ၎င်း၏ အလွန်ကြီးမားသော ဈေးကွက်ရှိခြင်း အားသာချက်ကို အပြည့်အဝအသုံးချရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုထိရောက်စွာ ဆွဲဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်ဟု သိရှိရပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တရုတ်နိုင်ငံတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာများ တည်ထောင်ရန်နှင့် သိပ္ပံဆိုင်ရာ သုတေသနစီမံကိန်းများကို အဓိကလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း အဆိုပါစာတမ်း၌ ဖော်ပြထားပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သည့် ဇီဝဆေးပညာနယ်ပယ်ရှိ စီမံကိန်းများကို အရှိန်အဟုန်မြှင့်၍ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် အစိုးရဝယ်ယူရေးလုပ်ငန်းများတွင် ဥပဒေနှင့်အညီ အပြည့်အဝပါဝင်နိုင်စေရေး နိုင်ငံတော်ကောင်စီမှ ကတိကဝတ်ပြုကြောင်း အလေးပေး ပြောကြားခဲ့ပြီး "တရုတ်ပြည်တွင်ထုတ်လုပ်သည်" ဆိုသည့်ပစ္စည်းများအတွက် သီးခြားစံနှုန်းများကို ပိုမိုရှင်းလင်းလွယ်ကူစေရန်နှင့် အစိုးရဝယ်ယူရေးဥပဒေအား ပြန်လည်ပြင်ဆင်မှုကို အရှိန်မြှင့်တင်ရန်အတွက် အစိုးရသည် သက်ဆိုင်ရာမူဝါဒများနှင့် အစီအမံများကို တတ်နိုင်သမျှ အမြန်ဆုံး မိတ်ဆက်ပေးမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှု နှေးကွေးပြီး နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေသည့် အခြေ အနေတွင် အဆိုပါ မူဝါဒများအားလုံးသည် နိုင်ငံတကာကော်ပိုရေးရှင်းကြီးများ၏ မျှော်မှန်းချက်များကို ပြည့်မီစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် တရုတ်ဈေးကွက်တွင် ဖွံ့ဖြိုးတိုးတက်စေရန် ပိုမိုလွယ်ကူစေမည်ဟု ပေကျင်းမြို့ရှိ တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီ၏ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံမှ တွဲဖက်သုတေသီ Pan Yuanyuan က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် "ကမ္ဘာ့စက်ရုံ" အဖြစ်မှ ပြည်တွင်းစားသုံးမှု တိုးလာခြင်းနှင့်အတူ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်သူအဖြစ်သို့ ကူးပြောင်းနေပြီဖြစ်ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံသည် စီးပွားရေးတိုးတက်မှုနှင့် ကြီးမားသည့် စားသုံးသူဈေးကွက်တို့ရှိခြင်းတို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ထားနိုင်ဆဲဖြစ် ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတွင် စက်မှုထုတ်ကုန်ပေါင်း (၂၂၀) ကျော်ရှိပြီး ထုတ်လုပ်မှုပိုင်း၌ ကမ္ဘာပေါ်တွင် ပထမအဆင့်ဖြင့် ရပ်တည်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံတွင် ယုံကြည်စိတ်ချရပြီး ကုန်ကျစရိတ် သက်သာသည့် ကုန်ပစ္စည်းထုတ်လုပ်သူများကို ရှာဖွေရန်မှာ ကမ္ဘာ့အခြားဒေသများထက် ပိုမိုလွယ်ကူကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံသည် အသစ်တည်ထောင်ထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၂၄,၀၀၀) ရှိပြီး ယခင်နှစ်ထက် (၃၅.၇) ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ အချက်အလက်များအရ သိရှိရပါသည်။

 

 

Source: www.chinadaily.com.cn/a/202308/14/WS64d95ab6a31035260b81bdb0.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News