International News

၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ သကြားထုတ်လုပ်မှုကျဆင်းကာ ကမ္ဘာ့သကြား ဈေးနှုန်းများမြင့်တက်ဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်ခန့်မှန်း

Last Updated:

အိန္ဒိယနိုင်ငံ၏ သကြားဈေးကွက်တွင် ရာသီဥတု ပူပြင်းခြောက်သွေ့မှုပြဿနာနှင့် ရင်ဆိုင်နေရပြီး စုစုပေါင်း သန့်စင်ပြီးသကြားထွက်ရှိမှု ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အစိုးရအနေဖြင့် သကြားအား ပြည်ပသို့တင်ပို့မှုကို ဆက်လက်ကန့်သတ်ထားဖွယ်ရှိနေပြီး၊ ယခုနှစ် အစောပိုင်းမှစ၍ ပြည်တွင်းသကြားဈေးနှုန်း ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ အိန္ဒိယအပါအဝင် ကမ္ဘာ့သကြား ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ယင်းသို့ စိန်ခေါ်မှုအခက်အခဲများနှင့် ရင်ဆိုင်နေရမှုကြောင့် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့သကြား ဈေးနှုန်းများမြင့်တက်ဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

လတ်တလော ဖြစ်ပေါ်လျက်ရှိသော သကြားဈေးနှုန်းများမှာ နယူးယောက်ဈေးကွက် (InterContinental Exchange) တွင် သကြားကြမ်း (Rraw sugar) ၏ မတ်လကြိုရောင်းဈေးနှုန်း (Future price) မှာ ၁ ပေါင်လျင် ၂၂ ဒသမ ၈၆ ဆင့် (၁ တန်လျင် ရူပီး ၄၂,၁၇၅)နှင့် လန်ဒန် ဈေးကွက် (ICE Futures Europe exchange) တွင် သကြားဖြူ (White sugar) ၏ မတ်လ ကြိုရောင်းဈေးနှုန်း (Future price) မှာ ၁ တန်လျင် ကန်ဒေါ်လာ ၆၅၂ ဒသမ ၅၀ (၁ တန်လျင် ရူပီး ၅၄,၁၇၅) ရှိကြောင်း သိရသည်။

ကမ္ဘာ့အများဆုံး သကြားတင်ပို့သည့် နိုင်ငံဖြစ်သော ဘရာဇီးနိုင်ငံသည် ယခုနှစ်တွင် သကြားကို စံချိန်တင်ထုတ်လုပ်နိုင်ဖွယ်ရှိသည့်အတွက် ကမ္ဘာ့သကြားဈေးကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ သို့သော်ဘရာဇီးနိုင်ငံ၏ အဓိကသကြား ထုတ်လုပ်ရာဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ကြုံတွေ့နေရသည့်အတွက် ဈေးကွက် အခြေအနေအပေါ် သက်ရောက်မှုများရှိနိုင်ကြောင်း စိုးရိမ်မှုများရှိနေသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက ဘရားဇီးနိုင်ငံမှ သကြားတင်ပို့မှု တိုးမြင့်ခဲ့ပြီး၊ အိန္ဒိယနိုင်ငံမှ အီသနောထုတ်လုပ်မှု၌ ကြံရည်ကို သုံးစွဲခြင်းမပြုရန် တားမြစ်ခဲ့သည့်အတွက် ကမ္ဘာ့သကြား ဈေးနှုန်းအနည်း ငယ်ကျဆင်းခဲ့သည်။ သို့သော် အာရှနိုင်ငံအများအပြားတွင် အယ်နီညိုကြောင့် ရာသီဥတုခြောက်သွေ့ကာ သကြားထုတ်လုပ်မှု လျှော့ကျလာသည့်အတွက် ဒီဇင်ဘာလနှောင်းပိုင်းမှစ၍ သကြားဈေးပြန်လည်မြင့်တက်ခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ဒုတိယ သကြားအများဆုံးထုတ်လုပ်သည့် ထိုင်းနိုင်ငံတွင် သကြားထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း အထိကျဆင်းဖွယ်ရှိကာ အိန္ဒိယနိုင်ငံတွင် ၃ ရာခိုင်နှုန်းကျော် ကျဆင်းဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

သို့သော် ကမ္ဘာ့သကြားဈေးကွက်တွင် မျှခြေသို့ ပြန်လည်ရောက်ရှိကာ ရောင်းလိုအား အနည်းငယ် ပိုလျှံလာဖွယ်ရှိကြောင်း ခန့်မှန်းမှုများရှိနေသည်။ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ သကြားထုတ်လုပ်မှု ကျဆင်းလာမှုကို တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့မှ သကြားတိုးမြှင့် ထုတ်လုပ်မှုက ကာမိဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ ထို့အပြင် ကမ္ဘာ့သကြားဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ဘရာဇီးနိုင်ငံမှ သကြားစက်ရုံများအနေဖြင့် အီသနော ထုတ်လုပ်မည့်အစား သကြားကို အစားထိုး၍ ပိုမိုတိုးမြှင့်ထုတ်လုပ်လာဖွယ်ရှိသည်။

ယခုနှစ်တွင် ကမ္ဘာ့သကြားထုတ်လုပ်မှု တန်ချိန် ၁၈၅ ဒသမ ၅ သန်းရှိကာ ယခင်နှစ်ကထက် တန်ချိန် ၈ ဒသမ ၂ သန်းတိုးမြင့်လာဖွယ်ရှိကြောင်း အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေး ဌာန (USDA) က ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ခန့်မှန်းထားသည်။ ဈေးကွက်သုတေသန လုပ်ငန်းတစ်ခုဖြစ်သော BMI ကလည်း ယခုနှစ် ကမ္ဘာ့သကြား ရောင်းလိုအားသည် တန်ချိန် ၁၈၂ သန်းရှိကာ ယခင်နှစ်ကထက် ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

ယခုနှစ် ကမ္ဘာ့သကြားစားသုံးမှုမှာ တန်ချိန် ၁၈၀ ဒသမ ၄ သန်းရှိကာ ယခင်နှစ်ကထက် ၀.၈ ရာခိုင် နှုန်းမြင့်တက်ဖွယ်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ၏ သကြားစားသုံးမှု ၅ ဒသမ ၁ ရာခိုင်နှုန်း အထိ မြင့်တက်လာဖွယ်ရှိပြီး၊ အခြားသကြားစားသုံးသည့် နိုင်ငံများတွင်မူ ယခင်အတိုင်း ပြောင်းလဲဖွယ်မရှိဟု BMI က ခန့်မှန်းထားသည်။

သို့ပါ၍ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့သကြားဈေးနှုန်းနှင့် စားသုံးမှုတိုးမြင့်လာဖွယ်ရှိကာ အယ်နီညိုရာသီ ဥတုကြောင့် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ သကြားထုတ်လုပ်တင်ပို့မှု ကျဆင်းဖွယ်ရှိပြီး၊ တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့မှ သကြားပိုမိုထုတ်လုပ်တင်ပို့လာဖွယ်ရှိပါသည်။ ကမ္ဘာ့ဘဏ် အပါအဝင် ကျန်အဖွဲ့အစည်းများမှ ကမ္ဘာ့သကြားဈေးကွက်ခန့်မှန်းချက်များကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

 

ရည်ညွှန်းချက်။         The Hindu Businessline သတင်းဌာန၊ “Sugar prices likely to rule lower than 2023 on higher output prospects”

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့)

Category: International News