International News

ဟောင်ကောင်ဒေသအတွက် အကျိုးပြုမည့် BRI တွင် ပါဝင်သော စီးပွားရေးထွန်းသစ်စနိုင်ငံများ ပိုများလာ

Last Updated:

စီးပွားရေးထွန်းသစ်စနိုင်ငံများ (emerging economies) အနေဖြင့် ဟောင်ကောင်ဒေသကို ရပ်ဝန်းနှင့် လမ်းကြောင်းဆောင်ရွက်ချက် (BRI) ၏ အချက်အချာတစ်ခုအဖြစ် ပိုမိုအသုံးပြုလာရန် မျှော်လင့် သည်ဟု Belt and Road ကော်မရှင်နာ Nicholas Ho က ပြောကြားခဲ့ကြောင်း RTHK သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် “More emerging BRI economies to benefit HK” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

Belt and Road သည် ပါဝင်သည့် နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား အပြန်အလှန် အကျိုး ဖြစ်ထွန်းနိုင်သည့် မူဝါဒတစ်ခုဖြစ်ကြောင်း၊ တစ်ဖက်ဖက်အတွက်သာ တစ်ဖက်သတ် အကျိုးဖြစ်စေသည့် မူဝါဒမဟုတ်ပါကြောင်း RTHK သတင်းဌာန အစီအစဉ်၌ ပါဝင်ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသနှင့် ရပ်ဝန်းနှင့် လမ်းကြောင်း ဆောင်ရွက်ချက်တွင် ပါဝင်သည့်နိုင်ငံများအကြား ကုန်သွယ်မှုမှာ တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းကျော် တိုးတက်လျက်ရှိသကဲ့သို့ အဆိုပါ ဒေသများမှ ဟောင်ကောင်ဒေသသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းကြီး အရေအတွက်လည်း တစ်နှစ်လျှင် ၁၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း ပြောကြားခဲ့ပါသည်။

လွန်ခဲ့သော ၁၀ နှစ်အတွင်း အရှေ့တောင်အာရှဒေသ သို့မဟုတ် အာဆီယံနိုင်ငံများသည် ဟောင်ကောင်ဒေသ၏ အဓိက မိတ်ဖက်များဖြစ်ခဲ့ပါကြောင်း၊ သို့သော် ယခုအချိန်တွင် BRI တွင် ပါဝင်သော အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကကဲ့သို့သော စီးပွားရေးထွန်းသစ်စ မိတ်ဖက်နိုင်ငံများ ပိုမိုပါဝင်လာသည်ကို တွေ့ရှိရပြီး ၎င်းတို့၏ ဟောင်ကောင်ဒေသအပေါ် စိတ်ပါဝင်စားမှု မြင့်တက်လာနေကြောင်း ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

အဆိုပါနိုင်ငံများသည် အခမ်းအနားများ၊ အစည်းအဝေးများ လာရောက်ကျင်းပခြင်း၊ စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ခြင်းနှင့် အဆက်သွယ်များ ရှာဖွေခြင်းတို့ကို လုပ်ဆောင်လာကြကြောင်း၊ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဒေသ၏ မိတ်ဖက်များ အစဉ်တစိုက် ပြောင်းလဲနေသကဲ့သို့ လာမည့် အနာဂတ်တွင်လည်း အခြားဒေသများမှ ဟောင်ကောင်ဒေသကို BRI ၏ ဗဟိုချက်အဖြစ် စိတ်ပါဝင်စားသည့် မိတ်ဖက်များ ပိုမိုများပြားလာမည်ဟု ယုံကြည်ကြောင်း သတင်းဌာန အစီအစဉ်တွင် ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

လက်ရှိအချိန်တွင် BRI ၌ နိုင်ငံပေါင်း ၁၅၀ ခန့် ပါဝင်လျက်ရှိရာ ကာလလတ်အောင်မြင်မှုများအတွက် အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ရာတွင် အဆိုပါ နိုင်ငံအားလုံးကို ဦးတည်လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် အဓိက ဦးတည်သည့် ဈေးကွက်များမှာ အာဆီယံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်ကြောင်း၊ ဥပမာ အာဆီယံနိုင်ငံများတွင် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသ၌ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျနှင့် အခြားနှင့် အချို့သော စီးပွားရေးထွန်းသစ်စ ဈေးကွက်များဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ထို့ပြင် ဟောင်ကောင်ဒေသသည် green finance and green technology တို့တွင် အားသာချက်များရှိနေပြီး ရှေ့ဆက်၍လည်း အဆိုပါ ကဏ္ဍအနေဖြင့် ဆွဲဆောင်မှုကောင်းသည့် အချက်အချာဒေသ ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News