International News

တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်အတွင်း တိုးတက်မှုရှိခဲ့

Last Updated:

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်တွင် ယွမ် ၉.၈၉ ထရီ လီယံ (အမေရိကန်ဒေါ်လာ ၁.၄၄ ထရီလီယံ) အထိ ရှိခဲ့ပြီး ယခင်နှစ်ထက် ၄.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်သည် ယွမ် ၅.၆၅ ထရီလီယံရှိခဲ့ပြီး ယခင်နှစ်ထက် ၈.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို သွင်းကုန်အနေ ဖြင့်လည်း ယွမ် ၄.၂၄ ထရီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ်ထက် ၀.၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှ မတ်လအတွင်း ယွမ် ၁.၅၆ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၆.၁ ရာခိုင်နှုန်း မြင့်တက်လာကာ တရုတ်နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှု တန်ဖိုး၏ ၁၅.၈ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံတို့နှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှု သည် ယွမ် ၁.၃၄ ထရီလီယံ၊ ယွမ် ၁.၁၁ ထရီလီယံ၊ ယွမ် ၅၄၆.၄၁ ဘီလီယံနှင့် ယွမ် ၅၂၈.၄၆ ဘီလီယံ အသီးသီးရှိကြပြီး သုံးလတာကာလအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု၏ ၃၅.၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရှိရပါသည်။

ဇန်နဝါရီလမှ မတ်လအထိ တရုတ်၏ Belt and Road Initiative တွင် ပါဝင်သော နိုင်ငံများနှင့် သွင်းကုန်/ပို့ကုန်ဆောင်ရွက်မှုသည် ယခင်နှစ်ထက် ၁၆.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၎င်း၏နိုင်ငံခြား ကုန်သွယ်မှုတွင် ၃၄.၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါကြောင်း၊ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွင် ပါဝင်သည့် အခြားသောမိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်ထက် ၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း သိရှိရပါသည်။

 

 

Source: http://www.chinadaily.com.cn/a/202304/13/WS64376260a31057c47ebb9df3.html

စီးပွားရေးသံမှူး၊နန်နင်း

Category: International News