International News

ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်တင်သွင်းမှုအပေါ် ဖြေလျှော့ပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ မှတ်ပုံတင်ခြင်း လုပ်ငန်းများအတွက် ဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှုများ မရှိစေရေးနှင့် လိုင်စင်ရရှိပြီး လုပ်ငန်းရှင်များအား မှတ်ပုံတင်ရန် လိုအပ်ချက်အား ဖယ်ရှားပေးခြင်းစသည့် ဖြေလျှော့ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

သွင်းကုန်ဆိုင်ရာ ကုန်ကျစရိတ်များမြင့်တက်လာခြင်း၊ လယ်ယာထွက်ကုန်ပစ္စည်းများ ရောင်းချခြင်းဆိုင်ရာ အကန့်အသတ်ရှိမှုများကြောင့် ကုန်စည်များ၏ ဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာ အခွန်အကောက်မဟုတ်သည့် အခက်အခဲ၊ အတားအဆီးများအား ဖယ်ရှားပေးရန်နှင့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်း များအား ဖြေလျှော့ပေးရန် သမ္မတမားကို့စ်မှ ညွှန်ကြားခဲ့ပါသည်။

အခွန်အကောက်မဟုတ်သည့် အခက်အခဲ၊ အတားအဆီးများမှာ မူဝါဒလုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်များဖြစ်ပြီး သွင်းကုန်လိုင်စင်စနစ်၊ စည်းမျဉ်းများ၊ ကြိုးနီ စနစ်နှင့် သွင်းကုန်ဆိုင်ရာခွဲတမ်း (Quota) တို့ပါဝင်ပါကြောင်း၊ အဆိုပါအတားအဆီး၊ အခက် အခဲများကြောင့် ကုန်ကျစရိတ်များ တိုးမြင့်လာသည့်အတွက် လယ်ယာထွက်ကုန်ပစ္စည်းများ၏ ပြည်တွင်းဈေးကွက် ဈေးနှုန်းမှာ မြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု တိုးမြင့်ရန်၊ ပြည်တွင်းရိက္ခာဖူလုံမှုရှိစေရန်တို့အတွက် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာ မူဝါဒလုပ်ထုံးလုပ်နည်းများဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိစေရန်အတွင် ၁၈-၄-၂၀၂၄ ရက်နေ့က ညွှန်ကြားချက်အမှတ် (၂၀) အား ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါညွှန်ကြားချက်တွင် သကြားတင်သွင်းခြင်းနှင့် ရေထွက်ပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်သွားရန်နှင့် ကုန်ပစ္စည်းများ၏ ပိုးမွှားကင်းစင်ခြင်းဆိုင်ရာ import clearance လုပ်ငန်းစဉ်များအတွက် ညွှန်ကြားထားသည်များ ပါဝင်ပါကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ်များ၊ စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုထားရှိသည့် Minimum Access Value နှင့် စီမံခန့်ခွဲမှု၊ လုပ်ငန်းကုန်ကျစရိတ်များ လျော့ချပေးခြင်း၊ ဖယ်ရှားပေးခြင်းနှင့် အကောက်ခွန်နှုန်း ထားများဆိုင်ရာတို့ကို National Economic and Development Authority’s Committee နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ညွှန်ကြားထားပါသည်။

ထို့ပြင်အကောက်ခွန်ဦးစီးဌာနသို့လည်း စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များအား လျင်မြန်စွာ ဆောင်ရွက်ပေးရန်၊ ဦးစားပေးဆောင်ရွက်ပေးရန် သမ္မတမားကို့စ်မှညွှန်ကြားခဲ့ပြီး အမိန့်ကြော်ငြာစာပါ အကောင်အထည်ဖော် ဆောင်ရွက်ရမည်များကို ထိထိရောက်ရောက် ဆောင်ရွက်မှုရှိ/မရှိ စုံစမ်းရေးအဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းထားပါကြောင်း ဖော်ပြပါရှိပါသည်။   

ပြည်တွင်း၌ ဆန်စပါးရိတ်သိမ်းသည့် ယခုကာလတွင်ပင် ဈေးကွက်တွင်း လက်လီဆန်ဈေးနှုန်း ကျဆင်းသင့်သော်လည်း လွန်ခဲ့သောရက်ပိုင်းက regular milled နှင့် well-milled ဈေးနှုန်းမှာ တစ်ကီလိုလျှင် တစ်ပီဆိုမှ နှစ်ပီဆိုကြားမြင့်တက်ခဲ့ပါကြောင်း၊ လက်ရှိဆန်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ၅၁ ပီဆိုနှင့် ၅၂ ပီဆို တို့ဖြစ်ပါကြောင်း၊ ဆန်ဈေးနှုန်းမြင့်တက်မှုမှာ အများကြီး မဟုတ်သော်လည်း ဆက်လက်မြင့်တက်နိုင်သည့် အလားအလာရှိနေသည့်အတွက် ဈေးနှုန်း မြင့်တက်ရသည့် အကြောင်းရင်းအား ရှာဖွေသွားမည်ဖြစ်ပြီး အမျိုးသားစာနပ်ရိက္ခာဖူလုံရေး အာဏာပိုင်အဖွဲ့ (National Food Authority-NFA) နှင့် အခြားသောသက်ဆိုင်သည့် ဝန်ကြီး ဌာနများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါသည်။ 

အမေရိကန်စိုက်ပျိုးရေးဌာန၏ ခန့်မှန်းတွက်ချက်မှုများအရ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု ကျဆင်းနိုင်ပြီး ယခင်မက်ထရစ်တန် ၄.၁ သန်း တင်သွင်းရာမှ ၃.၈ သန်းထိ တင်သွင်းမှု လျော့ကျနိုင်ပါကြောင်း၊ အဆိုပါ ခန့်မှန်းချက်အား ကြည့်မည်ဆိုပါက ဖိလစ်ပိုင်နိုင်ငံသည် အယ်နီညိုရာသီ၏ သက်ရောက်မှုများနှင့် တိုင်ဖွန်းတို့ဝင်ရောက်သည့်ကြားမှ Luzon ဒေသ၏ စိုက်ပျိုးမှုနည်းစနစ် ပိုမိုကောင်းမွန်လာခြင်းကြောင့် စပါးအထွက်နှုန်း တိုးမြင့်ခဲ့၍ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန်မှ ထပ်လောင်းပြောကြားခဲ့ပါသည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် ၄ နှစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ၂၀၂၅ ခုနှစ် ဘတ်ဂျက်ခွဲဝေမှုတွင် ပီဆို ဘီလီယံ ၂၅၀ အနည်းဆုံးခွဲဝေချထားပေးရန် တင်ပြထားကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ပါကြောင်း၊ စပါးစိုက်ပျိုးသည့်ဒေသများအတွက် ဦးစားပေးသုံးစွဲသွားမည်ဖြစ်ပြီး အထွက်နှုန်း တိုးမြင့်စေရန်အတွက်ဖြစ်ပါကြောင်း၊ ရေပေးဝေရေးစနစ် (irrigation system) အတွက် အဓိကထားသုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။ ထို့ပြင် ရိတ်သိမ်းပြီးချိန်နောက်ပိုင်း လုပ်ငန်းစဉ်များတွင် နည်းပညာလိုအပ်ချက်ကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများ လျော့နည်းစေရန် အတွက်လည်း ဘတ်ဂျတ်နှစ်ဆခန့် တိုးမြင့်ချထားပေးရန် တင်ပြထားပါကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်သမ္မတနန်းတော်မှ ၁၈-၄-၂၀၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးမှုများဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၂၀) တွင် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များ ချမှတ်ထားပြီး အကောက်ခွန်နှုန်းထား မဟုတ်သည့် ကဏ္ဍဆိုင်ရာဖြေလျှော့ ပေးမှုများ၊ Sanitary and phytosanitary import clearance ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်း စဉ်များတွင် ကြန့်ကြာမှုမရှိစေရေး၊ သကြားနှင့် ရေထွက်ပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးမှုများ၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ လွယ်ကူမြန်ဆန်စေရေး၊ စုံစမ်းထောက်လှမ်းမည့်အဖွဲ့ဖွဲ့စည်းခြင်း စသည်တို့ကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ညွှန်ကြားထားပါသည်။ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဌာနများဖြစ်သည့် Department of Agriculture, Department of Trade and Industry, Department of Finance, Sugar Regulatory Authority, Bureau of Customs  တို့မှလည်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သမ္မတထံသို့ ပူးပေါင်းတင်ပြသွားရန်လည်း လမ်းညွှန်ထားပါကြောင်း ပူးတွဲပါအမိန့်ကြော်ငြာစာနှင့်တကွ လေ့လာတင်ပြအပ်ပါသည်။

 

https://www.officialgazette.gov.ph/2024/04/18/administrative-order-no-20-s-2024/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News