International News

ထိုင်းနိုင်ငံက လျှပ်စစ်မော်တော်ကား (Electric Vehicle-EV) စက်မှုလုပ်ငန်းကို မြှင့်တင်သွားမည်

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်မော်တော်ကားများ အသုံးပြုမှုကို အားပေးခြင်းဖြင့် ပြည်တွင်းဈေးကွက်ကို လှုံ့ဆော်ပေးခြင်း၊ လျှပ်စစ်မော်တော်ကားနှင့် အစိတ်အပိုင်းများ တင်ပို့မှုကို မြှင့်တင်ခြင်းတို့အပေါ် အာရုံစိုက်ခြင်းဖြင့် လျှပ်စစ်မော်တော်ကား စက်မှုလုပ်ငန်းများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သူများသည် ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေရှိရန်၊  ကုန်သွယ်ရေးသတ်မှတ်ချက်များကိုလည်း လိုက်နာရန်နှင့်တင်သွင်းသူများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြား ရေးမှူးချုပ်ဖြစ်သူ Mr. Poonpong Naiyanapakorn က ပြောကြားခဲ့ပါသည်။

ထို့ပြင် နိုင်ငံအနေဖြင့် လျှပ်စစ်မော်တော်ကားထုတ်လုပ်မှုအတွက် အခြေခံအဆောက်အအုံ၊ လျှပ်စစ်မော်တော်ကားသုံးစွဲမှု၊ အားသွင်းရုံများတည်ဆောက်မှု၊ လျှပ်စစ်မော်တော်ကားနှင့် အစိတ်အပိုင်းများ ထုတ်လုပ်သူများကို အထောက်အပံ့ပေးမှု၊ သုတေသနနှင့် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အရှိန်မြှင့်တင်ရန် လိုအပ်နေသေးပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်အားဖွံ့ဖြိုးလာမှုတွင်လည်း လိုအပ်ချက်ရှိနေပါကြောင်း Mr. Poonpong က ထောက်ပြပါ သည်။

ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ တွေ့ရှိချက်အရ နိုင်ငံအများစုတွင် လျှပ်စစ်မော်တော်ကား သုံးစွဲမှုနှင့် ဈေးကွက်သည် ကြီးထွားလာလျက်ရှိပါကြောင်း၊ ယင်းလမ်းကြောင်းသည် ပဲရစ်ကြေငြာချက်ပါ နိုင်ငံအများစုက လိုက်နာရမည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို လျှော့ချခြင်းဖြင့် အပူချိန်တိုးများလာမှုကို ကန့်သတ်ရမည့်အချက်နှင့်ကိုက်ညီပါကြောင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ဆိုင်သော issues နှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကိုလည်း ဖြေရှင်းရာရောက်ပါကြောင်း ၎င်းကဆိုပါသည်။

ထိုင်းနိုင်ငံတွင်လည်း ၂၀၃၀ ခုနှစ်တွင် နိုင်ငံ၏မော်တော်ကားထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းသည် လျှပ်စစ်မော်တော် ကားများဖြစ်ရမည့် “30@30” မူဝါဒ ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းရောင်းချမှုသည် အစီးရေ ၇၂,၁၅၈ စီး ဖြစ်ပါကြောင်း၊ တင်ပို့မှုအနေဖြင့် ၂၀၁၇ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် အမေရိကန်ဒေါ်လာ ၄၉၇ သန်းခန့် ဖြစ် ကြောင်း Mr. Poonpong က ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.gov   

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News