International News

ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့ဦးရေ လေးနှစ်အတွင်း အနိမ့်ဆုံးအဖြစ်ကျဆင်း

Last Updated:

၂၀၂၃ ခုနှစ် ဇွန်လအတွင်း အလုပ်လက်မဲ့ဦးရေသည် လေးနှစ်အတွင်း အနိမ့်ဆုံးအဖြစ် ၂.၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး၊ ဟောင်ကောင်ဒေသ၏ စီးပွားရေး တိုးတက်လာမှုကြောင့် ဆက်လက်ကျဆင်းသွားမည်ဟု အလုပ်သမားဝန်ကြီးက ပြောကြားခဲ့ကြောင်း Hong Kong Free Press သတင်းဌာနတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် “Hong Kong’s unemployment rate falls to ၂.၈ ရာခိုင်နှုန်း a four-year low” ခေါင်းစဉ်ဖြင့်ရေးသား ဖော်ပြထားပါသည်။

သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည့် စာရင်းဇယားများအရ မေလမှ ဇူလိုင်လအတွင်း ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့ဦးရေ ၂.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဧပြီလမှ ဇွန်လအတွင်း ၁၁၃,၆၀၀ ဦးရှိခဲ့သည့် အလုပ်လက်မဲ့ဦးရေသည် မေလမှ ဇူလိုင်လအတွင်း ၁၁၁,၇၀၀ ဦးသို့ ကျဆင်းသွားကာ ဟောင်ကောင်ဒေသ၏ အဓိက စီးပွားရေးကဏ္ဍများတွင် အလုပ်လက်မဲ့နှုန်း ကျဆင်းခဲ့ပါသည်။ သို့သော် လုပ်သားများအား အချိန်ပြည့် အလုပ်ခန့်ထားမှုနှင့် ကျွမ်းကျင်မှု အရည်အချင်းအလိုက် အသုံးချမှု (underemployment) နှုန်းမှာ ဖော်ပြပါ ကာလနှစ်ခုအတွင်း ၁.၁ ရာခိုင်နှုန်းဖြင့် မပြောင်းလဲဘဲ ရှိနေခဲ့ပါသည်။

အဓိက စီးပွားရေးကဏ္ဍများဖြစ်သည့် အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍတို့တွင် အလုပ်လက်မဲ့ဦးရေသိသိသာသာ ကျဆင်းသည်ဟု အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ လုပ်သားဈေးကွက်မှာ လက်ရှိအချိန်တွင် တိုးတက်မှုရှိနေသကဲ့သို့ ဆက်လက်တိုးတက်သွားမည့် အခြေအနေရှိသည်ဟု လူမှုဝန်ထမ်းနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Chris Sun က ပြောကြားခဲ့ပါသည်။ အလုပ်သမားရေးရာဦးစီးဌာန၏ မှတ်တမ်းများအရ မေလမှ ဇူလိုင်လအတွင်း ပုဂ္ဂလိကကဏ္ဍ၌ လစ်လပ်နေရာ ၁၀၃,၈၅၉ ရှိကြောင်းနှင့် ထိုပမာဏသည် ယခင်နှစ်အလားတူကာလထက် ၃.၁ ရာခိုင်နှုန်းနှင့် ဧပြီလမှ ဇွန်လ ပမာဏထက် ၂.၅ ရာခိုင်နှုန်း အသီးသီး တိုးတက်လာကြောင်း ရေးသားဖော်ပြထားပါသည်။

အလုပ်အကိုင်ရှာဖွေသူများအနေဖြင့် Interactive Employment Service website ကဲ့သို့သော အလုပ်သမားရေးရာဦးစီးဌာန၏ အွန်လိုင်းပလက်ဖောင်းများတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် စပ်လျဉ်းသည့် အချက်အလက်များကို ရှာဖွေနိုင်ကြောင်းနှင့် လာမည့်သီတင်းပတ်အတွင်း လုပ်ငန်းပေါင်း ၄၅ ခု ကျော်ပါဝင်မည့် အလုပ်အကိုင်ပြပွဲကို ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသအစိုးရ ကပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

တစ်ဦးချင်းသုံးစွဲမှုမြင့်တက်စေခြင်းကို အထောက်အပံ့ဖြစ်စေသည့် အလုပ်လက်မဲ့နှုန်း လျော့ကျလာမှုသည် ဟောင်ကောင်ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်သည့် အချက်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News