International News

ဂျာမန်ဝန်ကြီးချုပ် Scholz က တရုတ်ကားများကို လက်ခံကြိုဆိုသော်လည်း တရားမျှတသော ပြိုင်ဆိုင်မှုဖြစ်စေလိုကြောင်း တိုက်တွန်းပြောဆို

Last Updated:

တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိနေသော ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz က တရုတ်နိုင်ငံထုတ်ကားများကို ဂျာမနီဈေးကွက်မှ ကြိုဆိုပါကြောင်း၊ သို့ရာတွင် ယင်းကိစ္စနှင့် စပ်လျဉ်း၍ တရားမျှတမှုမရှိသော ကုန်သွယ်မှုအလေ့အကျင့်များ အသုံးပြုမှုကို ရှောင်ကြဉ်ရန် ၁၅-၄-၂၀၂၄ ရက်တွင် သတိပေးခဲ့ပါသည်။

ဂျာမနီ၏စီးပွားရေးသည် ကားများမှအစပြု၍ ဓာတုပစ္စည်းများအထိ ထုတ်ကုန်များအပေါ် တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် အကျိုးအမြတ်များရရှိနေချိန်တွင် ဂျာမန်ကုမ္ပဏီများအနေ ဖြင့် တရုတ်ဈေးကွက်တွင် ၎င်းတို့ရင်ဆိုင်နေရသော တရားမျှတမှုမရှိသည့် အတားအဆီးများကြောင့် အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်ကာ ဆက်ဆံရေးအခြေအနေ တင်းမာနေခဲ့ပါသည်။

ထိပ်တန်းအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တရုတ်နိုင်ငံတွင် သုံးရက်ကြာ အလည်အပတ်ခရီး ရောက်ရှိနေခဲ့သော ဂျာမန်ဝန်ကြီးချုပ် Scholz သည် ရှန်ဟိုင်းရှိ Tongji တက္ကသိုလ်တွင် မိန့်ခွန်းပြောခဲ့စဉ် အဆိုပါကိစ္စအား မှတ်ချက်ပြုခဲ့သည်။

ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ကားများ ဥရောပဈေးကွက်သို့ စတင်မိတ်ဆက်ဝင်ရောက်လာသည့်အခါ ဥရောပတွင် ယင်းကားများ နေရာယူလာနိုင်သဖြင့် တရုတ်နိုင်ငံအပါအဝင် အာရှ ဈေးကွက်သို့သာ ဂျာမန်ကားများ တစ်ဖက်သတ်တင်ပို့ပြီး၊ တရုတ်နိုင်ငံထုတ်ကားများ ဥရောပ ဈေးကွက်သို့ ဝင်ရောက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ တရုတ်တို့အနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ကြသည့်အပေါ် ဂျာမန်ဝန်ကြီးချုပ်က ယခုအချိန်တွင် ဂျာမနီ၌ ဂျပန်နိုင်ငံထုတ်ကားများရှိသကဲ့သို့ ဂျပန်တွင်လည်း ဂျာမန်ကားများ ရှိပါကြောင်း၊ တရုတ်နှင့် ဂျာမနီသည်လည်း အလား တူပင်ဖြစ်ပါကြောင်း၊ တစ်ချိန်ချိန်တွင် ဂျာမနီနှင့် ဥရောပတွင်လည်း တရုတ်နိုင်ငံထုတ်ကားများ ရှိလာမည်ဖြစ်ကြောင်း၊ အမြဲတမ်း လက်ခံထားရမည့်အချက်မှာ ယှဉ်ပြိုင်မှုသည် တရားမျှတမှုရှိရန် လိုအပ်ကြောင်း၊ တင်ပို့ရာ၌ အစုလိုက်အပုံလိုက် ပြီးစလွယ် တင်ပို့ခြင်းမျိုးမဖြစ်ရန်လိုကြောင်းနှင့် အလွန်အကျွံထုတ်လုပ်ခြင်းကို ရှောင်ကြဉ်၍ မူပိုင်ခွင့်ကို မချိုးဖောက်ရန်လိုကြောင်း ပြန်လည်မှတ်ချက်ပြုခဲ့ပါသည်။

ဝန်ကြီးချုပ် Scholzက နိုင်ငံတိုင်းတွင် တူညီသော အခြေခံမူအချို့ ရှိပြီးဖြစ်သဖြင့် ကမ္ဘာ တစ်ဝန်း နိုင်ငံအလိုက် ၎င်းတို့ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်နေကြပါကြောင်း၊ အခြေခံမူများအနက် တစ်ချက်မှာ နိုင်ငံများအနေဖြင့် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများကို ကြောက်ရွံ့နေရန် မလိုဟူ၍ဖြစ်ကြောင်း၊ ကိုယ့်ကြမ္မာကိုယ်သာ ဖန်တီးရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

မိမိတို့၏ အိမ်နီးချင်းသည် ကြီးမားသန်မာ၍ ခွန်အားတောင့်တင်းသောသူမျိုး ဖြစ်နေစေကာမူ မိမိအနေဖြင့် အမြဲတမ်းနှုတ်ဆက်နေပါက ၎င်းအနေဖြင့် မိမိအား မည်သည့်အခါတွင်မျှ ရန်မူလာမည် မဟုတ်သည်မှာ သေချာပါကြောင်း၊ ပတ်ဝန်းကျင်နိုင်ငံများနှင့် ဆက်ဆံနေထိုင်ရမည့် ပုံစံကို အိမ်နီးချင်းနှင့် ဥပမာပေး၍ ပြောကြားခဲ့သကဲ့သို့ အလားတူပင် နိုင်ငံအချင်းချင်းအကြားရှိ နယ်နိမိတ်များကိုလည်း အင်အားသုံး၍ ပြောင်းလဲဖယ်ရှားပစ်၍ မရနိုင်ကြောင်း ဝန်ကြီးချုပ် Scholz က ရှန်ဟိုင်းတက္ကသိုလ် ကျောင်းသားများအား ပြောကြားခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ် Scholzသည် ရှန်ဟိုင်းရှိ ဂျာမန်ပလတ်စတစ်ထုတ်လုပ်သည့် ကုမ္ပဏီ Covestro ၏ ဆန်းသစ်တီထွင်မှုစင်တာသို့လည်း သွားရောက်လည်ပတ်ခဲ့ပြီး ၁၅-၄-၂၀၂၄ ရက် ညနေပိုင်းတွင် ရှန်ဟိုင်းကွန်မြူနစ်ပါတီခေါင်းဆောင်ဖြစ်သူ Mr. Chen Jining နှင့် ညနေစာအတူ စားသောက်ခဲ့ပါသည်။

ဝန်ကြီးချုပ် Scholzသည် ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း ပထမရက်ကို နိုင်ငံ၏ အနောက် တောင်ပိုင်းရှိ Chongqing မြို့တွင် အဆုံးသတ်ခဲ့ပြီး၊ ဒုတိယရက် (၁၆-၄-၂၀၂၄) ရက်တွင်  တရုတ်သမ္မတ Xi Jinping နှင့် ဝန်ကြီးချုပ် Li Qiang တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ပေကျင်းမြို့သို့ သွားရောက်ခဲ့ပါသည်။

ဥရောပသမဂ္ဂအနေဖြင့် ၎င်းအစုအဖွဲ့ (bloc) မှ ထုတ်လုပ်သူများကို အကာအကွယ် ပေးနိုင်ရေးအတွက် တရုတ်နိုင်ငံမှ ပိုမိုစျေးသက်သာသော လျှပ်စစ်ကားများ အများအပြား တင်သွင်းနေခြင်းအပေါ် ဒဏ်ခတ်အခွန်စည်းကြပ်ရန် စီစဉ်နေချိန်တွင် ဝန်ကြီးချုပ် Scholz၏ ယခုခရီးစဉ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဂျာမန်ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် အမှုဆောင်အရာရှိချုပ်များစွာနှင့်အတူ ဂျာမန်ကား ထုတ်လုပ်သူများဖြစ်ကြသော Mercedes-Benz နဲ့ BMW လုပ်ငန်းရှင်များအပြင်  ဓာတုဗေဒ ကုမ္ပဏီတစ်ခုဖြစ်သော BASF လည်းပါဝင်ခဲ့ကြောင်းနှင့် ဥရောပ၏ အကြီးဆုံးကားထုတ်လုပ်သူ ဖြစ်သော Volkswagen မှာမူ ဝန်ကြီးချုပ်ခရီးစဉ်တွင် လိုက်ပါခြင်းမရှိကြောင်း သိရှိရပါသည်။

 

 

Source:         https://www.dw.com/en/scholz-welcomes-chinese-cars-but-urges-fair-competition/a-68818516

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

 

Category: International News