International News

တရုတ်နိုင်ငံသည် အပူပိုင်းဒေသထွက်သစ်သီးကုန်သွယ်မှုအတွက် ဆိပ်ကမ်းအဆင့်မြှင့်တင်ခြင်း၌ ရင်းနှီးမြှုပ်နှံ

Last Updated:

ချင်းကျိုးဆိပ်ကမ်းသည် တရုတ်နိုင်ငံတောင်ပိုင်းတွင် အာရှအပူပိုင်းဒေသထွက် သစ်သီးများ ကုန်သွယ်မှုအတွက် အချက်အချာဖြစ်လာပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် အခြားသောနိုင်ငံများရှိ အဓိကသစ်သီးထုတ်လုပ်သူများနှင့် ချိတ်ဆက်ထားကြောင်း ဖော်ပြထားပါသည်။

Belt and Road Initiative ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တရုတ်အစိုးရသည် ချင်းကျိုး ဆိပ်ကမ်းတွင် အပူပိုင်းဒေသထွက် သစ်သီးဝလံများအတွက် အအေးခန်းသိုလှောင်ရုံများနှင့် ပြုပြင်ထုတ်လုပ်မှုများကို ထပ်မံရင်းနှီးမြှုပ်နှံထားသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အရည်အသွေးမြင့် နိုင်ငံတကာကုန်းမြေပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံမှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံ တကာ ကုန်သွယ်မှုအတွက် ဈေးကွက်ပိုမိုပွင့်လင်းလာစေရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရထားလမ်း၊ ကားလမ်းနှင့် ပင်လယ်ရေကြောင်းလမ်းကြောင်းတို့မှတစ်ဆင့် ဝင်ရောက်မှုလွယ်ကူစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

ကွမ်ရှီးဒေသသည် နိုင်ငံတကာနှင့် ပြည်တွင်းဈေးကွက်များသို့ ပိုမိုလက်လှမ်းမီစေရန်အတွက် ၎င်းအနေဖြင့် နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုစည်းမျဉ်းများနှင့် ပိုမိုလိုက်လျောညီထွေဖြစ်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ စားသုံးမှု၊ အရင်းအနှီးစီးဆင်းမှု၊ ပြည်သူအချင်းချင်းဖလှယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကို လွယ်ကူချောမွေ့စေရန် ကြိုးစားဆောင်ရွက်သင့်သည်ဟု တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ ကွမ်ရှီးဒေသဆိုင်ရာ ကော်မတီအတွင်းရေးမှူး Liu Ning က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သစ်သီးဖြန့်ဖြူးရောင်းချသူများသည် ချင်းကျိုးဆိပ်ကမ်းမှတစ်ဆင့် အနီးအနားရှိပြည်နယ်များ အပြင် ဟောင်ကောင်၊ မကာအိုနှင့် ယန်ဇီမြစ်ဝှမ်းဒေသတို့သို့ လမ်းကြောင်းမျိုးစုံဖြင့် ပို့ဆောင်နိုင်သည်ဟု တရုတ်သတင်းများအရ သိရှိရပါသည်။

ချင်းကျိုးဆိပ်ကမ်း၌ အပူပိုင်းဒေသထွက် သစ်သီးဝလံအများစုဖြစ်သည့် လောင်ဂန်သီး၊အုန်းသီး၊ သရက်သီးနှင့် မင်းဂွတ်သီး တင်သွင်းမှုသည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် သိသိသာသာ တိုးလာသည်ဟု တရားဝင်အကောက်ခွန် စာရင်းဇယားများအရ သိရှိရပြီး သွင်းကုန်စုစုပေါင်း မက်ထရစ်တန် (၃၃၀၀)ကျော်၊ တန်ဖိုးအားဖြင့် ယွမ် (၂၅.၄၃)သန်း (သို့မဟုတ်) အမေရိကန်ဒေါ်လာ (၃.၅၁) သန်းခန့်ရှိရာ ဇန်နဝါရီလအတွက် (၁၇၈.၄) ရာခိုင် နှုန်းနှင့် ဖေဖော်ဝါရီလအတွက် (၂၉၂.၅) ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် တရုတ်-ဗီယက်နမ်နယ်စပ်ရှိ ယိုယိဂိတ်တွင် သစ်သီးကုန်သွယ်မှုသည် (၂၆၂.၃)% တိုးတက်ခဲ့ပြီး တန်ဖိုးယွမ် (၂၃.၉၉) ဘီလီယံရှိခဲ့ကြောင်း၊ ဗီယက်နမ်သည် မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံနှင့် သစ်သီးဝလံကုန်သွယ်မှုတွင် သိသာထင်ရှားစွာ တိုးတက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဗီယက်နမ် သစ်သီးများအတွက် အကြီးမားဆုံး တင်သွင်းသည့် ဈေးကွက်ဖြစ်ကြောင်းနှင့် ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် နဂါးမောက်သီး၊ ဖရဲသီး၊ ငှက်ပျော သီး၊ လိုင်ချီးသီး၊ လောင်ဂန်သီး၊ ကြက်မောက်သီး၊ ပိန္နဲသီး၊ သရက်သီး၊ မင်းဂွတ်သီး၊ ဒူးရင်းသီးနှင့် ပင်မှည့်သီးတို့ကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ရရှိထားကြောင်း သိရှိရပါသည်။

 

 

Source:    https://www.freshfruitportal.com/news/2024/04/15/china-invests-in-tropical-fruit-trade-with-port-improvements/

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News