International News

အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့ခွင့်ပိတ်လိုက်ခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းပိုမိုမြင့်တက်နိုင်

Last Updated:

အိန္ဒိယနိုင်ငံမှ ဘာစမာတီဆန်ချော မဟုတ်သော ဆန် အမျိုးအစား (Non-Basmati White Rice) တင်ပို့မှုအား ပိတ်လိုက်သည့်အတွက် ကမ္ဘာ့ဆန်ဈေးနှုန်းများမြင့်တက်လာနိုင်ကြောင်း Fitch Rating Group မှ ပြောကြားခဲ့ပါသည်။ အိန္ဒိယအစိုးရမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ဆန်တင်ပို့မှု ရုတ်တရက် ပိတ်လိုက်ခြင်းသည် အိန္ဒိယနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းနှင့် ကမ္ဘာ့ဆန် ဈေးကွက်အား ထိခိုက်မှုရှိနိုင်ကြောင်း သုတေသနဌာနတစ်ခုမှ လည်းပြောကြားခဲ့ပါသည်။

အိန္ဒိယအစိုးရအနေဖြင့်တစ်နှစ်ထက်တစ်နှစ် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာခြင်းနှင့် ဇွန်လ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄.၅ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆန်တင်ပို့မှုအား ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့နေသည့် အိန္ဒိယနိုင်ငံအနေဖြင့် ဘာစမာတီ ဆန်ချော မဟုတ်သော ဆန်အမျိုးအစား (Non-Basmati White Rice) တင်ပို့မှုအား အိန္ဒိယနိုင်ငံတွင်း အစားအသာက်ကုန်ဈေးနှုန်းများ တည်ငြိမ်သွားသည့်အထိ ရပ်ဆိုင်းသွားမည် ဖြစ်ပါသည်။ ကြေညာချက် ထုတ်ပြန်ပြီးနောက် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိ ဈေးကွက်တွင်း ငြိမ်သက်နေကြောင်း ဖော်ပြပါရှိပါသည်။

၂၀၂၃-၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ဆန်တင်ပို့မှာ ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၁ရာခိုင်နှုန်းထိ ရှိလာနိုင်သည်ဟု အမေရိကန်ပြည်ထောင်စုစိုက်ပျိုးရေးဝန်ကြီးဌာနမှခန့်မှန်းထားပြီး ယခုကဲ့သို့ တင်ပို့မှုရပ်ဆိုင်းလိုက်ခြင်းက ကမ္ဘာ့ဈေးကွက်သို့ ဆန်တင်ပို့နေသည့် ပမာဏ၏ ၈ ရာခိုင်နှုန်း ခန့်ထိ ဖယ်ရှားပစ်သကဲ့သို့ ဖြစ်နိုင်ကြောင်းဖော်ပြပါရှိပါသည်။ အဆိုပါဖြစ်ရပ်သည် အိန္ဒိယနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်အား အနည်းငယ် မြင့်တက်စေမည် သို့မဟုတ် လျော့ကျစေမည်ကို လာမည့်လအနည်းငယ်အတွင်း စောင့်ကြည့်သွားမည်ဟု ဖော်ပြပါရှိပါသည်။

သို့သော် ဗီယက်နမ်နိုင်ငံမှ တစ်နှစ်ထက်တစ်နှစ် ဆန်တင်ပို့မှု လျှော့ချလာခြင်းနှင့် အိန္ဒိယနိုင်ငံ၏ ဆန်စပါးတင်ပို့မှုပိတ်လိုက်ခြင်းသည် ဈေးနှုန်းသက်သာသည့် ဆန်အမျိုးအစားများအပေါ် သက်ရောက်မှုရှိပြီး အိန္ဒိယမှ ဖိလစ်ပိုင်သို့ ဘာစမာတီကဲ့သို့သော ဈေးမြင့်သည့် ဆန်အမျိုးအစားများ အား ပိုမိုတင်ပို့လာနိုင်ပြီး ထိုသို့တင်ပို့ခြင်းက ပိုမို၍ အမြတ်ရရှိနိုင်ကြောင်းလည်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်သွင်းမှုအား လျှော့ချလိုက်ခြင်းနှင့် အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုတို့သည် တိုက်ဆိုင်စွာ ဖြစ်လာခဲ့သည့်အတွက်သက်ရာက် မှုများသည် ၂၀၂၃ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်တို့ထိ ရှိလာနိုင်ပါကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းဆန်ထွက်ရှိမှုနှုန်းများ လျော့ကျနိုင်သည့် အနေအထားရှိကြောင်း ဖော်ပြပါရှိပါသည်။

အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုလျော့နည်းသွားခြင်းက ကမ္ဘာ့ဆန်ရောင်းလိုအားကို လျော့နည်း သွားစေနိုင်ကြောင်းနှင့် ၎င်းမှ ဆက်စပ်ပြီး အခြားအခက်အခဲများလည်း ရှိလာနိုင်ကြောင်း  ING Manila ဘဏ်၏ အကြီးတန်းစီးပွားရေးပညာရှင်မှ ပြောကြားခဲ့ပါသည်။     

ဖိလစ်ပိုင်အစိုးရအနေဖြင့် အယ်နီညိုရာသီဥတုနှင့် ယခုကဲ့သို့သော အခြေအနေများကြောင့် ကြုံတွေ့လာနိုင်သည့် အကျပ်အတည်းများအတွက် ပြင်ဆင်ထားရန်လိုအပ်ပါကြောင်း၊ ပြည်တွင်းထုတ် လုပ်မှုမြင့်တက်လာစေရန်အတွက် လိုအပ်သည့် အထောက်အပံ့များအား ကူညီပေးရန်နှင့် အချိန်မီ ဆန်တင်သွင်းနိုင်ရေးကိုလည်း အထူးအလေးပေးဆောင်ရွက်သွားရန်ကိုလည်း ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှု လျှော့ချလိုက်ခြင်းသည် ကမ္ဘာ့ဆန်ရောင်းလိုအားပမာဏ လျော့ကျစေနိုင်သည့်အတွက် ကမ္ဘာ့ဆန်ဈေးနှုန်းကို မြင့်တက်စေနိုင်ပါကြောင်း၊ ထို့အတူဖိလစ်ပိုင်နိုင်ငံသို့ တင်သွင်းသည့် ဆန်ဈေးနှုန်းများ မြင့်တက်စေနိုင်ပါကြောင်း Rizal Commercial Banking Corp. မှ ခန့်မှန်းပြောကြားထားပါသည်။

 

 

Source;https://www.manilatimes.net/2023/07/24/business/top-business/india-rice-export-ban-could-lead-to-higher-prices/ 1902087

(စီးပွားရေးသံမှူး၊ မနီလာမြို့)

 

         

Category: International News