International News

ရုရှားတွင် ကော်ဖီဈေးနှုန်းများ မြင့်တက်လာမည်ဟု ခန့်မှန်း

Last Updated:

လက်ရှိတွင် ရုရှားနိုင်ငံ၌ အာရေးဗီကာကော်ဖီ(Arabica)၏ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀၀ ဝန်းကျင်သို့ ရောက်ရှိနေပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးဈေးဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဩဂုတ်လတွင် ကော်ဖီအဓိကထုတ်လုပ်သော ဘရာဇီးနိုင်ငံ၌ ရာသီဥတု ဆိုးဝါးမှုကြောင့် ကော်ဖီဈေးနှုန်းသည် ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း၊ အာရေးဗီကာ နေရာ၌ ရိုဘတ်စတာ(Robusta)ဖြင့် အစားထိုးရန် ကြိုးပမ်းမှုကြောင့်လည်း အာရေးဗီကာ စျေးနှုန်းကို မြင့်တက်စေကြောင်း ရုရှား လက်ဖက်ခြောက်နှင့် ကော်ဖီထုတ်လုပ်သူများအသင်း “Roschaykofe” ၏ ဥက္ကဋ္ဌ Mr. Ramaz Chanturia က ပြောကြားခဲ့သည်။

ယခုအခါ ကမ္ဘာ့ကော်ဖီဈေးနှုန်းများ ကြီးမြင့်သည့် အခြေအနေတွင်ရှိနေပြီး ကုန်ကြမ်းစရိတ် ကြီးမြင့်မှုဆီသို့ ဦးတည်နေသည့် အလားအလာမှာ ထင်ရှားနေကြောင်း၊ ယင်းကြောင့် ကော်ဖီကုန်ကြမ်းများသည် မဝေးတော့သော အနာဂတ်တွင် ဈေးနှုန်းမြင့်တက်လာမည် ဖြစ်ပြီး ကော်ဖီထုတ်ကုန်များသည် ပြီးခဲ့သည့် ၂/၃ နှစ်ထက်စာလျှင် အတော်လေး မြင့်တက်လာနိုင်သည့် အတွက် ပြင်ဆင်ထားရန်လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

စတိုးဆိုင်များရှိ ကော်ဖီစျေးနှုန်းသည် ကုန်ကြမ်းကုန်ကျစရိတ်အပြင် ငွေကြေးလဲလှယ်နှုန်း၊ စွမ်းအင်အခွန်အခနှင့် အခြားအခွန်အခများ၊ လက်လီရောင်းဝယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ် စသည့် အကြောင်းခံများစွာပေါ် မူတည်လျက်ရှိကြောင်း၊ ကုန်ကြမ်းကုန်ကျစရိတ်များ မြင့်တက်လာလျှင် ကော်ဖီကုန်ချောထုတ်လုပ်ရန် ကုန်ကျစရိတ်လည်း မြင့်တက်လာလိမ့်မည် ဖြစ်ပြီး စားသုံးသူများအတွက် နောက်ဆုံးဈေးနှုန်းလည်း မြင့်တက်လာမည်ဖြစ်ကြောင်း Mr. Ramaz Chanturia က မှတ်ချက်ပြုသည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကော်ဖီပမာဏတန်ချိန် ၁၀၁,၈၂၄ တင်သွင်းခဲ့ပြီး အဓိကတင်သွင်းသောနိုင်ငံများမှ ဘရာဇီး၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ အီတလီနှင့် အက်စ်တိုးနီးယားစသည့်နိုင်ငံများဖြစ်ပါသည်။ ရုရှားနိုင်ငံသည် ရာသီဥတု အခြေအနေကြောင့် ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိဘဲ ကော်ဖီအသားတင် တင်သွင်းသည့် နိုင်ငံဖြစ်သည့်အပြင် ကော်ဖီသုံးစွဲမှုပမာဏသည် နှစ်စဉ်တိုးတက်လျက်ရှိသဖြင့် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ ကော်ဖီတင်ပို့နိုင်မည့် အလားအလာကောင်းများ ရှိနေပါကြောင်း သိရှိရပါသည်။

 

 

Source :       https://ria.ru/20240917/kofe-1973085597.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News