International News

ပေါင်းဆန်အား လွတ်လပ်စွာတင်ပို့ခွင့်ပြုခဲ့သည့် အိန္ဒိယနိုင်ငံ

Last Updated:

အိန္ဒိယနိုင်ငံသည် ပြည်တွင်းဆန်လက်ကျန်များ ပိုလျှံလျက်ရှိသလို မိုးကောင်းစွာရရှိမှုကြောင့် လာမည့်ရာသီတွင် ဆန်စပါးအထွက်နှုန်းတိုးမည်ဟု ခန့်မှန်းချက်ကြောင့် ပေါင်းဆန်အား လွတ်လပ်စွာ တင်ပို့ခွင့်ပြုခဲ့ကြောင်း သိရသည်။ မကြာသေးမီက ၎င်းထုတ်ကုန်အပေါ်ထားရှိသော အကောက်ခွန် ၂၀ ရာခိုင်နှုန်းအား ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီးနောက် ယခုကဲ့သို့ အကောက်ခွန်လွတ်တင်ပို့ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ပထမ ၈ လ တာအတွင်း အိန္ဒိယနိုင်ငံမှ ပေါင်းဆန်တင်ပို့မှု ၁၃ ရာခိုင်နှုန်း ကျဆင်းကာ တန်ချိန်  ၅ ဒသမ ၁ သန်း တင်ပို့ခဲ့ကြောင်း Trade Promotion council of India က ယခုလ ၂၃ ရက်က ဖော်ပြသည်။

အိန္ဒိယဆန်တင်ပို့သူများကို ထိုင်းနိုင်ငံကဲ့သို့ ဆန်အဓိကတင်ပို့ချသော နိုင်ငံများနှင့် ပိုမိုထိရောက်စွာ ယှဉ်ပြိုင်နိုင်စေရန် အစိုးရမှ ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ဆောင်ရွက် လိုက်သည့်အတွက် ကမ္ဘာ့ဆန်ဈေးနှုန်းများ ကျဆင်းလာဖွယ်ရှိကာ ဝယ်လိုအားတိုးတက်လာမှုကြောင့် အိန္ဒိယလယ်သမားများ အကျိုးအမြတ်ရရှိပြီး ဝင်ငွေများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

“ယခုလုပ်ဆောင်ချက်က အစိုးရအနေဖြင့် လာမည့်ရာသီဆန်စပါးထွက်ရှိမှုအပေါ် ယုံကြည်မှုရှိ ကြောင်း ပြသနေပါတယ်။” ဟု အိန္ဒိယဆန်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ Mr. Dev Garg က ပြောကြားခဲ့သည်။ ပေါင်းဆန်အား အကောက်ခွန်လွတ်တင်ပို့ခွင့်ပြုလိုက်သည့် အတွက် အာဖရိကကဲ့သို့ ဈေးနှုန်းသက်သာမှုကို နှစ်သက်သော နိုင်ငံများမှ ဝယ်ယူသူများကို စွဲဆောင်နိုင်လိမ့်မည်ဟု ယူဆရကြောင်း အိန္ဒိယဆန်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ Mr. B.V. Krishna Rao က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် အခွံချွတ်ပြီး ဆန်လုံးညိုနှင့် စပါးတို့အပေါ်ထားရှိသော ပို့ကုန်ခွန် ၁၀ ရာခိုင် နှုန်းကိုလည်း ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် လွန်ခဲ့သောလက ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ကြမ်းခင်းဈေး ကန် ဒေါ်လာ ၄၉၀ သတ်မှတ်၍ ပြန်လည်ခွင့်ပြုပေးခဲ့သည်။  အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှု တိုးမြင့်လာသည့် အတွက် ကမ္ဘာ့ဆန်ရောင်းလိုအားကို မြှင့်တင်ပေးကာ ပါကစ္စတန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံကဲ့သို့ ဆန်တင်ပို့သောနိုင်ငံများအပေါ် ဈေးနှုန်းလျှော့ချသတ်မှတ်ရန် ဖိအားပေးနိုင်လိမ့်မည်ဟု ယူဆထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် အယ်နီညိုကြောင့် မိုးရေရရှိမှုနည်းပါးမည်ကို စိုးရိမ်သည့်အတွက် ၂၀၂၃ ခုနှစ်က ပြည်ပသို့ ဆန်တင်ပို့မှုအပေါ် ကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်ခဲ့သည်။ ယင်းနောက် ပြည်တွင်း ဆန်ရောင်းလိုအားမြင့်တက်လာပြီး၊ အစိုးရ၏ အရန်ဆန်သိုလှောင်မှုများတွင် ဆန်လက်ကျန်များ ပိုလျှံ စေခဲ့ကြောင်း သိရသည်။

သို့ပါ၍ ကမ္ဘာ့ဆန်အများဆုံးတင်ပို့သော နိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု မူဝါဒ ဖြေလျှော့မှုကြောင့် မြန်မာနိုင်ငံအပါအဝင် ဆန်ကို အဓိကတင်ပို့ရောင်းချလျက်ရှိသော နိုင်ငံများအပေါ် အကျိုးသက်ရောက်မှုများရှိလာနိုင်ကာ ကမ္ဘာ့ဆန်ဈေးနှုန်းများ ကျဆင်းလာမည်ဟု သိရှိရရှိပါသည်။

 

ရည်ညွှန်း။          Trade Promotion council of India: India scraps export tax on parboiled rice,

( စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့)

Category: International News