International News

ဖိလစ်ပိုင်နိုင်ငံမှရရှိထားသည့် EU GSP+ Scheme အားထပ်မံသက်တမ်းတိုးသွားမည်ဖြစ်

Last Updated:

ဥရောပသမဂ္ဂ၏ အမြင့်ဆုံးမူဝါဒချမှတ်သည့် အဖွဲ့အစည်းနှစ်ခုမှ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခွန်သက်သာခွင့်ပေးခြင်းအား (၄) နှစ်ထပ်မံသက်တမ်းတိုးရန်ကို ထောက်ခံပါကြောင်းနှင့် ယခုအရွေ့အား အတည်ပြုပြီးပါက ဖိလစ်ပိုင်နိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များအတွက် အကျိုးကျေးဇူး ရရှိစေမည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ ယခုရရှိထားသည့်  EU GSP+ Scheme အား နောက်ထပ်သက်တမ်းတိုးရန် အဆိုပြုတင်ပြထားခြင်းအား ဥရောပကော်မရှင် (European Commission-EC) ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး Alfredo Pascual မှ ၂၂-၁၁- ၂၀၂၃ ရက်နေ့က ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်တွင် သက်တမ်းကုန်ဆုံးတော့မည့် EU GSP+ Shceme အား သက်တမ်းတိုးရန်ကိစ္စအား နှစ်ဖက်အဖွဲ့အစည်းများမှ ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပါကြောင်း၊ ဥရောပကော်မရှင်မှ အဆို ပြုထောက်ခံတင်ပြထားသည့် သက်တမ်းတိုးမည့်အပေါ် ဥရောပပါလီမန်နှင့် ကောင်စီတို့မှ ထောက်ခံကြောင်း ဖိလစ်ပိုင်နိုင်ငံ၊ မကာတီမြို့တွင် Stratbase ADR Institute မှကျင်းပပြုလုပ်သည့် ဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးအပြီး ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးမှ သတင်းထောက်များအား ဖြေကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

EU GSP+ Schemeအား နောက်ထပ် (၄) နှစ် သက်တမ်းတိုးခြင်းသည် ဖိလစ်ပိုင် ပို့ကုန်လုပ်ငန်းရှင်များအတွက် များစွာအကျိုးကျေးဇူးရရှိစေမည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ ထုတ်ကုန်ပစ္စည်းများအား EU GSP+Schemeအရ သွင်းကုန်ခွန်ကင်းလွတ်သက်သာခွင့် သုညရာခိုင်နှုန်းဖြင့် အီးယူနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပါသည်။

EU GSP+ Scheme အရ ပို့ကုန်တင်ပို့မှုမှာ ၂၀၂၁ ခုနှစ်တွင် ယူရို ၂.၀၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၂၁ ဘီလီယံ) ထိ ရောက်ရှိခဲ့ပါကြောင်းနှင့် စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၆% ထိရှိကြောင်း ဖော်ပြပါရှိပါသည်။

ပို့ကုန်တင်ပို့ရာတွင် တာရှည်ခံအောင် ပြုလုပ်ထားသော တူနာငါးနှင့် နာနတ်သီး (Preserved tuna and Pineapple)၊ ဖုန်စုပ်စက် (Vacuum cleaners) နှင့် မျက်မှန်မှန်နှင့် ဆက်စပ်ပစ္စည်း (Spectacle Lenses) တို့ပါဝင်ကြောင်း ဖော်ပြပါရှိပါသည်။

သုံးသပ်တင်ပြချက်

ဖိလစ်ပိုင်နိုင်ငံမှ ရရှိထားသည့် EU GSP+ Scheme နှင့်စပ်လျဉ်း၍ ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပို့ကုန်ဌာနခွဲရှိ Senior Trade-Industry Development Specialist နှင့် အလွတ်သဘော ဆက်သွယ်မေးမြန်းချက်အရ ဖိလစ်ပိုင်နိုင်ငံ၏ EU GSP+ Scheme သက်တမ်း (၄) နှစ်တိုးမည့်အပေါ် အီးယူပါလီမန်မှ မဲပေးခဲ့ပါကြောင်း (Voted)၊ ကောင်စီမှလည်း အတည် ပြုပါကြောင်း (Agreed) နှင့် သဘောတူညီချက်အား တရားဝင် ထုတ်ပြန်ကြေညာသွားရန် စောင့်ဆိုင်းနေသည့် အခြေအနေတွင်ရှိပါကြောင်း သိရှိရပါသည်။

 

 

Readmore: https://business.inquirer.net/433204/extension-of-eu-gsp-scheme-backed#ixzz8Jwjr6TPG

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News