International News

ဘတ်ဂျက်ဖြတ်တောက်မှုများရှိနေစဉ်တွင် Ifo မှ  ဂျာမန်စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို လျှော့ချပေးခဲ့

Last Updated:

ဂျာမနီနိုင်ငံ၏ ဂျီဒီပီကို ၂၀၂၄ ခုနှစ်တွင် ၀.၉ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု  ယခင်က ခန့်မှန်းထားခဲ့ သော်လည်း ၀.၇ ရာခိုင်နှုန်းခန့်သာတိုးတက်နိုင်ဖွယ်ရှိကြောင်း  မြူးနစ်အခြေစိုက် The Institute for Economic Research (Ifo) က ၂၄-၁-၂၀၂၄ ရက်တွင် ပြောကြားခဲ့သည်။

ရန်ပုံငွေပြတ်လပ်မှုများရှိနေစဉ် ဂျာမန်အစိုးရ၏ ၂၀၂၄  ဘတ်ဂျက်ကို  ပြင်းထန်စွာ ဖြတ်တောက်ခဲ့မှုကြောင့် Ifo အနေဖြင့် ၎င်း၏ ဒီဇင်ဘာလလယ် ခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် (၂၀၂၃ ခုနှစ်)တွင် ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီ၏ စီးပွားရေးသည် ၀.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

ဖက်ဒရယ်ဘတ်ဂျက်မှ (၁၉)ဘီလီယံယူရို (အမေရိကန်ဒေါ်လာ ၂၀.၆ ဘီလီယံ) ခန့်ဖြတ်တောက် မည့်ကိစ္စကို ဘတ်ဂျက်ကော်မတီမှ သဘောတူခဲ့သည်ဟု ၎င်းတို့အနေဖြင့် ခန့်မှန်းရကြောင်း  Ifo မှ အကြီးတန်းစီးပွားရေးပညာရှင် Mr. Timo Wollmershäuser က ပြောကြားခဲ့သည်။ စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများအနေဖြင့် သက်တောင့်သက်သာ လုပ်ဆောင်ရခြင်းမရှိဘဲ ကျပ်တည်းမှုများ ရှိလာနိုင်ကာ ပြည်သူ့အသုံးစရိတ်များလည်း လျှော့ချခြင်းခံရဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ Ifo မှ ဂျာမန်စီးပွားရေးတိုးတက်မှုနှုန်းကို နောက်ဆုံး ခန့်မှန်းခဲ့သည့် ဒီဇင်ဘာလတွင် ၂၀၂၄ ခုနှစ်၌ အသုံးစရိတ်မည်မျှလျှော့ချမည်(သို့မဟုတ်) အခွန်တိုးမြှင့်ကောက်ခံမည် စသည့်အချက်များအား Ifo အနေဖြင့် ရှင်းလင်းစွာ မသိရှိရသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အသုံးမပြုရသေးသော ကိုဗစ်ကာလ ချေးငွေဖြစ်သည့် ယူရို ဘီလီယံ ၆၀ (အမေရိကန် ဒေါ်လာ ၆၄ ဘီလီယံ) ကို ခွဲဝေသတ်မှတ်သုံးစွဲ၍ မရနိုင်ကြောင်း ဂျာမန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးသည့်နောက် ဂျာမန်အစိုးရသည် ၎င်း၏အသုံးစရိတ်များကို ဖြတ်တောက်ရန် ဖိအားပေးခြင်းခံခဲ့ရသည်။

ဂျာမနီနိုင်ငံ၏ ဂျီဒီပီကို ၂၀၂၄ ခုနှစ်တွင် ၀.၃ ရာခိုင်နှုန်း ကျုံ့လိမ့်မည်ဟု   ခန့်မှန်းထားသော Macroeconomic Policy Institute (IMK)၏ ခန့်မှန်းချက်နှင့်နှိုင်းယှဉ်လျှင် Ifo ၏ ခန့်မှန်းချက် က ပိုမို အပြုသဘောဆောင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

 

 

Source:       https://www.dw.com/en/ifo-lowers-german-growth-forecast-amid-budget-cutbacks/a-68069135

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: International News