International News

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး (Trade Policy and Strategy Office-TPSO) က ထိုင်းထုတ်ကုန်များ၏ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန် ကြိုးစား

Last Updated:

ထိုင်းနိုင်ငံမှ ထွက်ရှိသော ဒူးရင်းသီးများ၊ ပီလောပီနံ၊ ကွန်ဒုံးများ၊ နာနတ်သီးစည်သွတ်ဘူးများ၊ တူနာစည်သွတ်ဘူးများသည် နိုင်ငံတကာဈေးကွက်တွင် ဦးဆောင်နေပြီး အလားအလာကောင်းသော ဈေးကွက်သစ်ချဲ့ထွင်ရန်နှင့် ထုတ်ကုန်မဟာဗျူဟာများကို ချိန်ညှိရန် ကြိုးစားနေပါကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး (Trade Policy and Strategy Office-TPSO) က ဆိုပါသည်။

ထိုင်းနိုင်ငံမှ လတ်လတ်ဆတ်ဆတ်ဒူးရင်းသီးများကို အဓိက ဈေးကွက်ဖြစ်သော တရုတ်၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့သို့ တင်ပို့ပြီး နိုင်ငံတကာဈေးကွက်တွင် ထိုင်းနိုင်ငံမှ ဒူးရင်းသီးသည် အကြီးမားဆုံး လွှမ်းမိုးထားနိုင်ပါကြောင်း၊ ဗီယက်နမ်က ဒုတိယနှင့် မလေးရှားက တတိယဖြစ်ကြောင်း TPSO ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် ပီလောပီနံအတွက် အဓိကဈေးကွက်ဖြစ်ပြီး ထိုင်းပီလောပီနံသည် ကမ္ဘာ့ဈေးကွက်တွင် ဦးဆောင်နေပါကြောင်း၊ ယင်းနောက် ကမ္ဘောဒီးယားနှင့် လာအိုတို့ဖြစ်ပါကြောင်း၊ ကွန်ဒုံးများကို တရုတ်၊ အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံများသို့ အဓိကတင်ပို့နေပါကြောင်း၊ နာနတ်သီးစည်သွတ်ဘူးများကို အမေရိကန်၊ ရုရှားနှင့် ဂျာမနီနိုင်ငံများသို့ အဓိကတင်ပို့နေပါကြောင်း TPSO ၏ ပြောကြားချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံသည် ထင်ရှားသော ဒေသတွင်းထုတ်လုပ်မှုအခြေခံနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကုန်ကြမ်းများကြောင့် ဈေးကွက်အလားအလာကောင်းများရှိပါကြောင်း၊ အချို့သော ထုတ်ကုန်များအတွက် ဈေးကွက်ယှဉ်ပြိုင်ရန် စတင်သွားမည်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ထိုင်း၏ အဓိက ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ လတ်ဆတ်သော ဒူးရင်းသီးများကို တင်ပို့ခွင့်ရရှိသွားသောကြောင့်ဖြစ်ပါကြောင်း ဆိုပါသည်။

ထို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပြိုင်ဘက်များကို မျက်ခြေမပြတ်စောင့်ကြည့်ရန်နှင့် အခွင့်အလမ်းသစ်များရှာဖွေရန် လိုအပ်ပါကြောင်း၊ ရရှိပြီးသောဈေးကွက်ကို  ထိန်းထားနိုင်ရေးအတွက် ထုတ်ကုန်မဟာဗျူဟာများ ချိန်ညှိရန်၊ အရည်အသွေးမြင့် ပို့ကုန်များနှင့် organic ဒူးရင်းသီးများအတွက် မဟာဗျူဟာများ ချိန်ညှိရန်လိုကြောင်းနှင့် တရုတ်ဈေးကွက်ကိုသာ မှီခိုနေသည်မျိုးမဟုတ်ဘဲ အခွင့်အလမ်းသစ်များ ရှာဖွေသင့်ကြောင်း TPSO က အကြံပြုထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkok.com

Category: International News