International News

အပ်ငွေအချက်အလက်များကို ခြယ်လှယ်လွှမ်းမိုးမှုအပေါ် ဖက်ဒရယ်အပ်ငွေအာမခံကော်ပိုရေးရှင်း (FDIC) က ဘဏ်များအား သတိပေး

Last Updated:

အမေရိကန်အစိုးရ၏ အပ်ငွေအာမခံကော်ပိုရေးရှင်း (Federal Deposit Insurance Corporation – FDIC) က အပ်ငွေအချက်အလက်များကို ခြယ်လှယ်လွှမ်းမိုးမှုအပေါ် ဘဏ်များအား သတိပေးခြင်းနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ World Street Journal အွန်လိုင်း သတင်းတွင် “FDIC Scolds Banks for Manipulating Deposit Data” ခေါင်းစဉ်ဖြင့် သတင်းရေးသား ဖော်ပြထားပါသည်။

ယခုနှစ်တွင်း ပြိုလဲခဲ့သည့် ဆီလီကွန်ဗယ်လီဘဏ်(Silicon Valley Bank) သည် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲကြုံသည့်အချိန်တွင် ယင်း၏ အပ်ငွေစာရင်းရှင်များက ၎င်းတို့ဘဏ်အပ်ငွေများကို အလျင်စလိုထုတ်ယူခြင်းမှာ အပ်ငွေများကို အာမခံမထား၍ဖြစ်ပါကြောင်း၊ ထို့နောက်ပိုင်းတွင် ဘဏ် (၁၂) ဘဏ်သည် အပ်ငွေအာမခံထားရှိသည့်ပမာဏကိုလျော့ချပြီး အချက်အလက်များကို ပြန်လည် ပြင်ဆင်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ ယင်းအပ်ငွေများကို အာမခံမထား၍ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် အမေရိကန်အစိုးရ၏အပ်ငွေအာမခံကော်ပိုရေးရှင်း (FDIC) က ဘဏ်များသို့ အပ်ငွေအချက်အလက်နှင့်ပတ်သက်သော သတိပေးစာတစ်စောင် ပေးပို့ခဲ့ပါကြောင်း၊ အမေရိကန်အစိုးရ၏အပ်ငွေ အာမခံကော်ပိုရေးရှင်းက ဖော်ပြထားသောအချက်အလက်များ ဆန်းစစ် ချက်တွင် Bank of America နှင့် Huntington National Bank တို့သည် ပြင်ဆင်မှု အများဆုံးဘဏ်များဖြစ်ပါကြောင်း၊ ယခုနှစ်မတ်လတွင် ဆီလီကွန်ဗယ်လီဘဏ် ပြိုလဲခဲ့ပြီးနောက် ဘဏ်(၄၇)ခုသည် ၎င်းတို့၏ ဒီဇင်ဘာလအတွက် အာမခံထားရှိခြင်းမရှိသည့် စာရင်းရှင်အပ်ငွေ စာရင်းကို အမေရိကန်ဒေါ်လာ(၁၉၈) ဘီလီယံအထိ လျှော့ချခဲ့ကြပါကြောင်း၊  ဆီလီကွန် ဗယ်လီဘဏ်၏ အာမခံထားရှိခြင်းမရှိသည့် စာရင်းရှင်အပ်ငွေမှာ နှစ်ကုန်ပိုင်းတွင် ၈၈ ရာခိုင်နှုန်း ရှိခဲ့ပါကြောင်း၊ အာမခံထားရမည့် စာရင်းရှင်အပ်ငွေစာရင်းကို ပြင်ဆင်ချက်များတွင် ပုံမှန် မဟုတ်သော စာရင်းရှင်အပ်ငွေ ဘဏ်ငွေစာရင်းများပါဝင်ပါကြောင်း၊ ပုံမှန်အားဖြင့်   အမေရိကန် အစိုးရ၏ အပ်ငွေ အာမခံကော်ပိုရေးရှင်းသည် အပ်ငွေပမာဏအမေရိကန်ဒေါ်လာ (၂၅၀,၀၀၀)အထိ ကို အာမခံပေးထားပြီး ယင်းထက်ပိုသည့်အပ်ငွေများကို ဘဏ်များအနေဖြင့် အပေါင်ပစ္စည်းများဖြင့် အာမခံထားကာ အကယ်၍ဘဏ်များဖျက်သိမ်းရပါက ယင်းအပ်ငွေများကို အပေါင်ပစ္စည်းများဖြင့် ပြန်လည် ပေးချေရန်ဖြစ်ပါကြောင်း၊ အပေါင်ပစ္စည်းများဖြင့် ဖော်ပြထားသည့် အပ်ငွေစာရင်းများမှာ အမေရိကန်အစိုးရ၏ အပ်ငွေ အာမခံစာရင်းတွင် မပါဝင်ကြောင်းဖြင့် ဖော်ပြထားပါသည်။

 Bank of America ၏ စာရင်းများအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အာမခံထားရှိခြင်းမရှိသည့်အပ်ငွေမှာ အမေရိကန်ဒေါ်လာ (၇၈၄) ဘီလီယံ ဖြစ်ပြီး မူလဖော်ပြသည့် စာရင်းထက် အမေရိကန်ဒေါ်လာ (၁၂၅) ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၁၄ ရာခိုင်နှုန်း လျော့နည်းခဲ့ပါကြောင်း၊ Bank of America ကို အစိုးရအနေဖြင့် ပြိုလဲခွင့်ပြုမည်မဟုတ်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြသဖြင့် အခြားဘဏ်များနှင့်မတူဘဲ အပ်ငွေများကို စုပြုံထုတ်ယူခြင်းနှင့် ရင်ဆိုင်ရနိုင်ပါကြောင်း၊ အမေရိကန်အစိုးရ၏အပ်ငွေအာမခံကော်ပိုရေးရှင်းသည် မေလတွင်ဘဏ်များကို စစ်ဆေးခဲ့ပြီး အဆိုပါစစ်ဆေးချက်အရ Bank of America သည် ပြင်ဆင်ချက်စာရင်းအရ (၂) နှစ်ကျော်အတွင်း ပေးချေရမည့်ပမာဏမှာ အမေရိကန်ဒေါ်လာ (၁.၉၆) ဘီလီယံဖြစ်ပြီး ယခင်မူလ စာရင်းအရပေးချေရမည့် ပမာဏမှာအမေရိကန်ဒေါ်လာ (၂.၂၇) ဘီလီယံဖြစ်သဖြင့် ပေးချေရန် ပမာဏ လျော့နည်းသွားခဲ့သည်ကို တွေ့ရပါကြောင်း၊ Bank of America ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Mr. William Haldin က ဘဏ်အနေဖြင့် ပြင်ဆင်ထားသည့် အချက်အလက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ပြင်ဆင်ချက်မှာ ဘဏ်ပိုင်ဆိုင်သည့်ငွေစာရင်းများ သို့မဟုတ် ဘဏ်ခွဲငွေစာရင်းများကို ဖယ်ရှားလိုက်ခြင်းဖြစ်ကာ နောက်ထပ်ပြင်ဆင်မည်မဟုတ်ကြောင်းဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News