International News

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လုပ်ငန်းငယ်များကို ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံရှိ ပြည်သူများနှင့် စွန့်ဦးတီထွင်လုပ်ငန်းများအတွက် အသက်မွေးဝမ်းကျောင်း၊ ကျွမ်းကျင်မှု၊ အခွင့်အလမ်းများနှင့် ပျော်ရွှင်မှုများဖြင့် ဖွဲ့စည်းထားသည့် “4-Increase” ကို စတင်မိတ်ဆက်ခြင်းဖြင့် နှစ်သစ်ကူးလက်ဆောင်ပေးအပ်သွားရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E Mr. Phumtham Wechayachai က ပြောကြားခဲ့သည်။

အဆိုပါ အစီအစဉ်သည် အိမ်ထောင်စု ၂၀,၀၀၀ ကျော်အတွက် အသက်မွေးဝမ်းကျောင်းသစ်များ ဖန်တီးပေးနိုင်ပြီး အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ၆,၀၀၀ တို့၏ ကုန်ကျစရိတ်ကို ဘတ် ၁.၆၅ ဘီလီယံလျှော့ချနိုင်ရန်ဖြစ်ကြောင်း၊ ပြည်သူများ၏ နေထိုင်မှုကုန်ကျစရိတ်ကို ဘတ် ၄ ဘီလီယံ သက်သာစေပြီး စီးပွားရေးကို ဘတ် ၁၂ ဘီလီယံကျော် မြှင့်တင်ပေးရန်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အသက်မွေးဝမ်းကျောင်းနှင့်စပ်လျဉ်း၍ စားသောက်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ အသားလုံးဆိုင်များနှင့် နို့လက်ဖက်ရည်ဆိုင် ၃၀ ကျော်အတွက် Franchise ခ ကို ၃၀ ရာခိုင်နှုန်းနှင့်အထက် လျှော့ချပေးရန် စီစဉ်ထားပါကြောင်း၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများအတွက် လိုအပ်သော ကျွမ်းကျင်မှုဆိုင်ရာ အခမဲ့သင်တန်းများကို နိုင်ငံအဝှမ်း အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ခြင်းအပေါ် တုန့်ပြန်မှုကို ကြည့်၍ ၃ လအတွင်း ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် စီးပွားရေးစီမံခန့်ခွဲမှု၊ ဘတ်ဂျက်၊ ကုန်ကျစရိတ်တွက်ချက်မှု၊ အွန်လိုင်းကုန်သွယ်မှု၊ ပို့ကုန်တိုးတက်မှု၊ လွတ်လပ်သော ကုန်သွယ်ရေးစာချုပ်များဆိုင်ရာ ဗဟုသုတများ၊ စီးပွားရေးဟောပြောပွဲများ၊ လတ်တလော ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများနှင့် အခွင့်အလမ်းများ စသည်တို့ကို ပို့ချသွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် အစားအစာနှင့် အဖျော်ယမကာ၊ ကဖေး၊ Spa၊ ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်းများမှ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများသည် ဝန်ဆောင်မှုပေးသူများထံမှ မူပိုင်ခွင့်ရ တေးသီချင်းများကို ၃ လ အခမဲ့သုံးစွဲခွင့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သက်တမ်းတိုးရောင်းချမှုပေါ်မူတည်၍ ၅၀-၅၅ ရာခိုင်နှုန်း လျှော့ဈေးခံစားရမည်ဖြစ်ကြောင်း၊ ပျော်ရွှင်မှုအတွက် ဒီဇင်ဘာလ ၂၀-၂၄ ရက်နေ့အထိ Impact Muang Thong Thani တွင် “New Year Mega Sale 2024” ကို ကျင်းပသွားမည် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လုပ်ငန်း ၃၉၀ ကျော်နှင့် ကုန်စည် ၄၀,၀၀၀ ကျော်ကို ၈၂ ရာခိုင်နှုန်း လျှော့ဈေးပေးသွားရန် စီစဉ်ထားပါကြောင်း Mr. Phumtham က ပြောကြားခဲ့သည်။

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News