International News

ဗီယက်နမ်သည် ၁၀ နှစ်အတွင်း စီးပွားရေးတိုးတက်မှု မြင့်မားလာ

Last Updated:

ဗီယက်နမ်သည် တရုတ်နှင့် အခြားအာရှနိုင်ငံများနှင့်အတူ ပြီးခဲ့သော ၁၀ နှစ်တာကာလအတွင်း စီးပွားရေးတိုးတက်မှုနှုန်း အမြင့်ဆုံးနိုင်ငံ ၂၀ တွင်ပါဝင်ခဲ့ကြောင်း Yahoo Finance ဖော်ပြချက်အရ သိရှိရပါသည်။

စျေးကွက်သတင်းများအား နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ဝဘ်ဆိုဒ်အချက်အလက်များအပေါ်အခြေခံထားကြောင်း၊ ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း နိုင်ငံအားလုံးအတွက် ပျမ်းမျှဂျီဒီပီ တိုးတက်မှုနှုန်းကို ထည့်သွင်းစဉ်းစားထားကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

ဗီယက်နမ်သည် ၂၀၂၁ - ၂၀၂၂ ခုနှစ်အတွင်း ပျမ်းမျှ GDP တိုးတက်မှုနှုန်း ၆.၁ ရာခိုင်နှုန်း ရှိသဖြင့် စီးပွားရေးတိုးတက်မှု မြင့်မားသောနိုင်ငံများ အဆင့်သတ်မှတ်ထားကြောင်း၊ စိုက်ပျိုးရေးကဏ္ဍသည် ဂျီဒီပီနှင့် အလုပ်အကိုင်ရရှိရေးတို့ကို ပံ့ပိုးပေးခြင်းဖြင့် စီးပွားရေးကို မြင့်မားစွာပံ့ပိုးပေးကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်၏ စိုက်ပျိုးရေး-သစ်တော-ရေထွက်ကုန် တင်ပို့မှုသည် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅၃.၂၂ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၉.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ရလဒ်အနေဖြင့် လယ်ယာကဏ္ဍသည် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံအထိ ရှိလာခဲ့ပြီး စီးပွားရေး၏ စုစုပေါင်းကုန်သွယ်မှုပိုငွေ၏ ၇၅ ရာခိုင်နှုန်းကျော်ရှိသည်။

ဗီယက်နမ်နိုင်ငံ၏ စာရင်းဇယားများ ကိုးကားချက်အရ အမေရိကန်သည် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုး ရေး-သစ်တော-ရေထွက်ကုန် ထုတ်ကုန်များ၏ အကြီးမားဆုံး စျေးကွက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ စုစုပေါင်းတင်ပို့မှု၏ ၂၅ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရှိရသည်။ ၎င်းနောက်တွင် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် (၁၈.၉ ရာခိုင်နှုန်း)၊ ဂျပန် ၄.၂ ဘီလီယံ (၇.၉ ရာခိုင် နှုန်း) နှင့် ကိုရီးယားသမ္မတနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ (၄.၇ ရာခိုင်နှုန်း) တို့ဖြစ်ကြောင်း ဖော်ပြထားသည်။ တိုက်ကြီးများ (Continents) အလိုက်တင်ပို့မှုတွင် အာရှမှ ၄၄.၇ ရာခိုင်နှုန်း၊ အမေရိကမှ ၂၇.၄ ရာခိုင်နှုန်း၊ ဥရောပမှ ၁၁.၃ ရာခိုင်နှုန်း၊ Oceania ၁.၇ ရာခိုင်နှုန်းနှင့် အာဖရိကမှ ၁.၇ ရာခိုင်နှုန်း တို့ဖြစ်ကြောင်းသိရှိရသည်။

ဆယ်စုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း အမြင့်ဆုံးနိုင်ငံ ၅ နိုင်ငံမှာ ဂိုင်ယာနာ (တောင်အမေရိက) မှ ၁၅ ရာခိုင်နှုန်းနီးပါး၊ အိုင်ယာလန် (ဥရောပ) ၉ ရာခိုင်နှုန်းကျော်၊ အီသီယိုးပီးယား (အာဖရိက) ၈.၄၃ ရာခိုင်နှုန်း ၊ တာဂျစ်ကစ္စတန် (အာရှအလယ်ပိုင်း) ၇ ရာခိုင်နှုန်းနှင့် ကော့တေးဒီဘွာ (အနောက်အာဖရိက) တွင် ၆.၈ ရာခိုင်နှုန်း ရှိကြောင်းသိရှိရပါသည်။

 

 

Source: VNA

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News