International News

တောင်ကိုရီးယားနိုင်ငံက ရိုမေးနီးယားနိုင်ငံတွင် နျူကလီးယားစက်ရုံ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၂၂၅ သန်းတန်ဖိုးရှိ သဘောတူညီချက် ရရှိခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ Korea Hydro & Nuclear Power (KHNP) သည် ရိုမေးနီးယားနိုင်ငံရှိ နျူကလီးယားစွမ်းအင်စက်ရုံတွင် ထရီတီယံကိုဖယ်ရှားသည့် စက်ရုံတစ်ခုတည်ဆောက်ရန် ရိုမေးနီးယားနိုင်ငံရှိ နျူကလီးယားစွမ်းအင်ကုမ္ပဏီဖြစ်သည့် SNN (သို့မဟုတ်) Nuclearelectrica နှင့် အမေရိကန်ဒေါ်လာ ၂၂၅ သန်းတန်ဖိုးရှိ သဘောတူညီချက်ရရှိခဲ့ပါသည်။

သဘောတူညီချက်အရ KHNP သည် ရိုမေးနီးယားနိုင်ငံရှိ Cernavoda နျူကလီးယားစွမ်း အင်စက်ရုံတွင် Heavy Water မှ တိုက်တေနီယံကိုဖယ်ထုတ်ပြီး လုံခြုံသည့်ပုံစံဖြင့် သိမ်းဆည်းသွားသည့် စက်ရုံကို တည်ဆောက်ရမည်ဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံရှိ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါသည်။

အဆိုပါစက်ရုံကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ဝန်းကျင်တွင် အပြီးတည်ဆောက်ရန် စီစဉ်ထားရှိပြီး ၂၀၂၇ ခုနှစ်တွင် စီးပွားဖြစ်လည်ပတ်နိုင်မည်ဟု မျှော်လင့်ထားပါသည်။ KHNP ၏ CEO Whang Joo-ho နှင့် SNN ၏ အကြီးအကဲ Cosmin Ghita တို့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါလက်မှတ်ရေးထိုးပွဲသို့ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး Mr. Lee Chang-yang နှင့် ဆိုးလ်မြို့ရှိ ရိုမေးနီးယားနိုင်ငံ သံအမတ်ကြီး Mr. Cezar Armeanu တို့ တက်ရောက်ခဲ့ကြပါသည်။

Heavy Tritiated Water (ရေ၏ရေဒီယိုသတ္တိကြွပုံစံ) ကို ဖယ်ရှားပေးခြင်းဖြင့် ဓါတ်ပေါင်းဖိုများ ဖျက်သိမ်းရာတွင် ရေဒီယိုသတ္တိကြွ အညစ်အကြေးများပမာဏကို လျော့နည်းစေမည့်အပြင် ဒေသနေလူများနှင့် သဘာဝပတ်ဝန်းကျင်အတွက် ရေဒီယိုသတ္တိကြွပစ္စည်းများ အန္တရာယ်မှ လျော့နည်းစေမည်ဖြစ်ပါကြောင်း၊ ထို့ပြင် New Heavy Water ထုတ်လုပ်ရန် စွမ်းအင်ကိုလည်း ချွေတာနိုင်မည်ဖြစ်ပါကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ စာချုပ်ချုပ်ဆိုနိုင်ခြင်းသည် တောင်ကိုရီးယားနိုင်ငံသမ္မတ ယွန်ဆုခ်ယော်၏ လက်ထက်တွင် ဒုတိယအကြိမ်မြောက် နျူကလီးယားစွမ်းအင်စက်ရုံများ တင်ပို့နိုင်ခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း အီဂျစ်နိုင်ငံ၏ ပထမဆုံးသော  နျူကလီးယား စွမ်းအင်စက်ရုံ တည်ဆောက်ရန် တောင်ကိုရီးယားဝမ်ငွေ ၃ ထရီလီယံတန်ဖိုးရှိ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါကြောင်း  ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံသည် နျူကလီးယားစွမ်းအင်ကဏ္ဍတွင် ကမ္ဘာ့အဆင့်တွင် ယှဉ်ပြိုင်နိုင်စွမ်းအားရှိလာပြီး စာချုပ်များချုပ်ဆိုနိုင်ခြင်းသည် ပြည်တွင်းကုမ္ပဏီများအတွက် အလားအလာကောင်းများ ဖြစ်ပါကြောင်း၊ သမ္မတယွန်းသည် ယခင်အစိုးရလက်ထက်က ချမှတ်ထားသည့် နျူကလီးယား တဖြည်းဖြည်း ကွယ်ပျောက်သွားရေးမူဝါဒကို ပြောင်းပြန်သတ်မှတ်ကာ ၂၀၃၀ ပြည့်နှစ်တွင် နျူကလီးယား ဓါတ်ပေါင်း ဖို (၁၀) ခု တင်ပို့သွားရန် ရည်မှန်းထားကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။

 

Source: https://www.koreatimes.co.kr/www/tech/2023/06/129_353762.html     

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News