International News

Aion Automobile Manufacturing (Thailand) က ထိုင်းနိုင်ငံတွင် EV စက်ရုံများအတွက် ဘတ် ၆ ဘီလီယံ သုံးစွဲသွားရန် စီစဉ်ထား

Last Updated:

တရုတ်နိုင်ငံတွင် ဒုတိယအကြီးဆုံး EV ရောင်းချသူ Guangzhou Automobile Corporation (GAC) ၏ လက်ခွဲဖြစ်သော Aion Automobile Manufacturing (Thailand) က ၎င်း၏ ထုတ်လုပ်မှုအသစ်နှင့် ပို့ကုန်အခြေစိုက်အဖြစ် ထိုင်းနိုင်ငံတွင် EV တပ်ဆင်ခြင်းနှင့် ဘတ္တရီ စက်ရုံများအတွက် ၃-၅ နှစ်အတွင်း ဘတ် ၆ ဘီလီယံ သုံးစွဲသွားရန် လျာထားကြောင်း ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်သူ Mr. Ocean Ma က ပြောကြားခဲ့ပါသည်။

ပြည်တွင်းနှင့် ပြည်ပ ဈေးကွက်များသို့ တင်ပို့နိုင်ရန် ထုတ်လုပ်မှုစွမ်းရည်သာမက စက်ရုံများ အတွက် ထိုင်းနိုင်ငံကို ထည့်သွင်းစဉ်းစားခြင်းဖြစ်ကြောင်း၊ ထိုင်းအစိုးရ၏ ရည်မှန်းချက်ကဲ့သို့ပင် ထိုင်းနိုင်ငံကိုဒေသတွင်း EV အချက်အခြာဒေသဖြစ်စေရန်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်များတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချသည့် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေမည့် စက်ရုံများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မိခင်ကုမ္ပဏီ၏ တန်ဖိုးနှင့် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုနှင့်လည်း ကိုက်ညီရန်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

ထိုင်းနိုင်ငံသည် GAC ၏ တရုတ်နိုင်ငံပြင်ပတွင် ရင်းနှီးမြှုပ်နှံသည့် ပထမဆုံးနိုင်ငံဖြစ်ကြောင်း၊ Aion သည် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို EV ဈေးကွက်အလားအလာရှိသော အရှေ့တောင် အာရှ တွင် ချဲ့ထွင်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် တတိယအကြီးဆုံး EV တံဆိပ်ဖြစ်ရန် ရည်မှန်းထား  ကြောင်း၊ ၎င်း၏ EV အမျိုးအစား Aion Y Plus ကို စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ ကြေညာသွား မည် ဖြစ်ကြောင်း အစီအစဉ်ကို ရှင်းလင်းပြောကြားပါသည်။

Aion သည် ၁ နှစ်လျှင် အမျိုးအစား ၃ မျိုးကို ကြေညာသွားမည် ဖြစ်ကြောင်း၊ GAC တွင် EV အမျိုးအစား ၆ မျိုးရှိကြောင်း၊ တရုတ်ဈေးကွက်တွင် BYD သည် အရောင်းပမာဏအားဖြင့် နံပါတ် ၁ ဖြစ် ကြောင်း၊ ယင်းနောက် GAC နှင့် Tesla တို့ ဖြစ်ကြောင်း၊ GAC သည် ၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်း တရုတ်နိုင်ငံ၌ EV အစီးရေ ၂၅၀,၀၀၀ စီး ရောင်းချနိုင်ခဲ့ကြောင်း Mr. Ocean က ဆက်လက်ပြောကြားပါ သည်။

Aion နှင့် မော်တော်ယာဉ် ပူးတွဲရောင်းချသူ Sharich Holding Co., ၏ Chief Executive ဖြစ်သူ Mr. Apichat Leenutaphong က ကုမ္ပဏီအနေဖြင့် ယခုနှစ်အတွင်း GAC ကားအရောင်းပြခန်း ၁၂-၁၅ ခန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ပြခန်း ၁ ခန်းအတွက် ဘတ် ၁၅-၄၀ သန်း သုံးစွဲသွားမည် ဖြစ်ပြီး ပြခန်း  ၄ ခန်း အတွက် Aion ထံမှ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

 

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊  ဗန်ကောက်မြို့)  

Category: International News