International News

၂၀၂၃ ခုနှစ်တွင် ဂျာမန်စီးပွားရေး ကျုံ့နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြား

Last Updated:

ဂျာမနီနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ကျဆင်းဖွယ်ရှိကြောင်း ထိပ်တန်းစီးပွားရေး သုတေသန Institute များမှ ၂၈-၉-၂၀၂၃ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုအရ သိရှိရပါသည်။

အစိုးရမှ တာဝန်ယူကာ တစ်နှစ်လျှင် နှစ်ကြိမ်ထုတ်ဝေလျက်ရှိသည့် ပူးတွဲစီးပွားရေး ကြိုတင် ခန့်မှန်းချက်တွင် ဂျာမနီ၏ ဂျီဒီပီ (GDP) ကို  ယခုနှစ်တွင် ၀.၆ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း  ခန့်မှန်းထားပါသည်။

နွေဦးကာလထုတ်ပြန်သည့် အစီရင်ခံစာတွင်မူ ကျွမ်းကျင်သူများက စီးပွားရေးတိုးတက်မှုနှုန်းကို ၀.၃ ရာခိုင်နှုန်းဖြင့် အလယ်အလတ်ရှိလိမ့်မည်ဟုခန့်မှန်းခဲ့ကြသော်လည်း တရားဝင်ကိန်းဂဏန်း  များကမူ ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်တွင် တုံ့ဆိုင်းသွားကြောင်း ပြသခဲ့ပါသည်။

ရုရှား- ယူကရိန်းပဋိပက္ခနှင့် ဆက်နွယ်လျက်  ၂၀၂၂ ခုနှစ်တွင် စွမ်းအင်စျေးနှုန်းများ တဟုန်ထိုးမြင့်တက်လာခြင်းသည် ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း စီးပွားရေး တဖန် ပြန်လည်ဦးမော့လာမှုကို ရပ်တန့်သွားစေခဲ့ကြောင်း စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။ ယင်းသို့ဖြစ်ခြင်း ကြောင့် ငွေကြေးဖောင်းပွမှုကို မြင့်တက်စေခဲ့ကြောင်း၊ လူအများအနေဖြင့် ၎င်းတို့တတ်နိုင်သော ငွေပမာဏဖြင့် အသုံးအဆောင်ပစ္စည်းအနည်းအငယ်ကိုသာ ဝယ်ယူလာနိုင်သဖြင့်  စက်မှုကဏ္ဍထုတ်လုပ်မှုကို ကျဆင်းစေခဲ့ကြောင်း သိရှိရပါသည်။

နွေဦးရာသီတွင် စက်မှုလုပ်ငန်းနှင့် ပုဂ္ဂလိကကဏ္ဍသုံးစွဲမှုတို့သည် ၎င်းတို့ မျှော်မှန်းထားသကဲ့သို့ မဟုတ်ဘဲ နှေးကွေးစွာဖြင့်သာ ပြန်လည် ဦးမော့လာခဲ့ကြောင်း The Halle Institute for Economic Research (IWH) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Oliver Holtemöller က ပြောကြားခဲ့ သည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း နိုင်ငံရေးဆိုင်ရာ မလုံခြုံမှုတစ်ရပ်အဖြစ်ရှုမြင်လာသည့်အတွက် စိုးရိမ်မှုရှိလာနေကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီနိုင်ငံ၏ စီးပွားရေးကို ၂၀၂၃ ခုနှစ်တွင် ကျုံ့နိုင်ဖွယ် ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ယခုနှစ်အစောပိုင်းတွင် ခန့်မှန်းထားခဲ့မှုကို အစီရင်ခံစာအသစ်က  အတည်ပြုထားပါသည်။

ဥရောပ၏ အခြားစီးပွားရေးနိုင်ငံကြီးများဖြစ်ကြသော ဗြိတိန်နဲ့ အီတလီတို့ကဲ့သို့သော နိုင်ငံများ အနေဖြင့်လည်း စီးပွားရေးကျုံ့နိုင်ကြောင်း ၎င်းတို့၏ မကြာသေးမီက ထုတ်ပြန်ထားသော ကိန်းဂဏန်းဖော်ပြချက်များအရ သိရှိရပါသည်။  သို့သော်လည်း ဂျာမနီ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ပြင်သစ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိနိုင်သည့် လမ်းကြောင်းပေါ်တွင် ရှိနေပြီ ဖြစ်ကြောင်း ဥရောပကော်မရှင်၏ ကိန်းဂဏန်းများအရ သိရှိရ ပါသည်။

လက်ရှိအနေအထားအရ ဥရောပသမဂ္ဂတစ်ခုလုံး၏ တိုးတက်မှုနှုန်းကို ၀.၈ ရာခိုင်နှုန်း ရှိလာနိုင် ကြောင်းနှင့် ဂျာမနီသည် ယင်းပျမ်းမျှတိုးတက်မှုနှုန်း၏အောက်တွင် ဆက်လက်ရှိနေလိမ့်မည်ဟု  ကော်မရှင်က  ခန့်မှန်းထားပါသည်။

သို့သော်လည်း ငွေကြေးဖောင်းပွမှုမှာ နှေးကွေးလာနေပြီဖြစ်သောကြောင့် နိုင်ငံ၏ စီးပွားရေးသည်လည်း ၂၀၂၄ ခုနှစ်တွင် ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု စီးပွားရေးပညာရှင်များက အပြုသဘောဖြင့် ထင်မြင်ယူဆထားကြပါသည်။

စွမ်းအင်စျေးနှုန်းများ ကျဆင်းလာနေပြီး ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် တိုးမြင့်လာသော ကုန်ကျစရိတ်အချို့အတွက်  သက်တောင့်သက်သာဖြစ်လာချိန်တွင် လုပ်အားခများလည်း တက်လာ ကြောင်း Joint Economic Forecast တွင် ဖော်ပြထားပါသည်။ လာမည့်နှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်းကို အသင့်အတင့်နှုန်းဖြစ်သည့် ၁.၃ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု ခန့်မှန်းထားသော် လည်း ဂျာမနီတွင် အလုပ်လုပ်ကိုင်သူဦးရေ ကျဆင်းလိမ့်မည်ဖြစ်သောကြောင့် ကာလလတ်တွင် တိုးတက်မှုအလားအလာ သိသိသာသာ ကျုံ့သွားလိမ့်မည်ဖြစ်ကြောင်း သတိပေးထားပါသည်။

 

 

Source:         https://www.dw.com/en/german-economy-set-to-shrink-in-2023-experts-say/a-66948184

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News