International News

ပင်လယ်နီအတွင်းတိုက်ခိုက်မှုများနှင့် အစ္စရေး-ဟားမက်စ်ပဋိပက္ခများ၏ သက်ရောက်မှုများကို စောင့်ကြည့်ထားရန် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်လုပ်ငန်းရှင်များအား အကြံပြုပြောကြားခဲ့

Last Updated:

ပို့ကုန်လုပ်ငန်းရှင်များအပါအဝင် ပါဝင်ပတ်သက်သူများသည် ပင်လယ်နီအတွင်း တိုက်ခိုက်မှုများနှင့် အစ္စရေး-ဟားမက်စ် ပဋိပက္ခများကြောင့် သက်ရောက်လာနိုင်သည့် အလားအလာများအပေါ် စောင့်ကြည့်သွားရန် အကြံပြုလိုကြောင်း၊ ပဋိပက္ခအရှိန်မြင့်တက်လာပါက ထိုင်းနိုင်ငံ၏ စီးပွားရေးကို တိုက်ရိုက်သာမက သွယ်ဝိုက်သောနည်းဖြင့်ပါ သက်ရောက်လာနိုင်ကြောင်း ကုန်သွယ်ရေးမူဝါဒ မဟာဗျူဟာရုံးညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ပြောကြားခဲ့သည်။

ယီမင်အခြေစိုက် Houthi များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ပင်လယ်နီအတွင်း တိုက် ခိုက်လျက်ရှိသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် ပိတ်ဆို့မှုများ ဖြစ်နေပါကြောင်း၊ တိုက်ခိုက်မှုများ မြင့်တက်လာပါက ထောက်ပံ့မှုကွင်းဆက်များနှင့် ကမ္ဘာ့ရေနံစိမ်း သယ်ယူပို့ဆောင်ရေးကိုပါ ထိခိုက်လာနိုင်ကြောင်း၊ အီဂျစ်ဆူးအက်တူးမြောင်းမှ ခွဲထွက်လာသော ပင်လယ်နီသည် ကမ္ဘာ့ရေကြောင်းကုန်သွယ်မှု၏ ၁၂ ရာခိုင်နှုန်းဖြစ်သော အာရှနှင့် ဥရောပအကြား အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ကုန်တင်သင်္ဘောများကို တိုက်ခိုက်လာသဖြင့် ကမ္ဘာအဝှမ်းသို့ ပြေးဆွဲနေသော သင်္ဘောလိုင်းများ သည် ပင်လယ်နီအတွင်းရှိ ၎င်းတို့၏ လည်ပတ်မှုကို ရပ်ဆိုင်းခဲ့ကြပြီး ပိုမိုရှည်လျားသည့် အခြားလမ်းကြောင်းများကို ပြောင်းလဲအသုံးပြုကြကြောင်း၊ ယင်းကြောင့် အရှေ့အလယ်ပိုင်း၊ ဥရောပ၊ မြောက်အာဖရိကနှင့် အမေရိကန်အရှေ့ခြမ်းသို့ တင်ပို့လျက်ရှိသည့် ထိုင်းကုန်ပစ္စည်းများ၏ သင်္ဘောကုန်ကျစရိတ် မြင့်တက်လာခဲ့ပါကြောင်း၊ ထိုင်း-ဥရောပလမ်းကြောင်းတွင် ၁၂ ပေ ကုန်သေတ္တာအတွက် တင်ပို့ခသည် အမေရိကန်ဒေါ်လာ ၃,၂၀၀ ( ၂၅၂ ရာခိုင်နှုန်း) နှင့် ပေ ၄၀ ကုန်သေတ္တာအတွက် တင်ပို့ခသည် အမေရိကန်ဒေါ်လာ ၄,၅၀၀ (၁၉၆ ရာခိုင်နှုန်း) အသီးသီး မြင့်တက်လာခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းပို့ကုန်အပေါ် သက်ရောက်မှုအနေဖြင့် ဥရောပသို့ တင်ပို့သည့် ပို့ကုန်စုစုပေါင်း၏ ၈ ရာခိုင်နှုန်းသည် ပင်လယ်နီလမ်းကြောင်းကို အသုံးပြုပါကြောင်း၊ သင်္ဘောပြဿနာကြောင့် ကွန်ပျူတာ၊ လေအေးပေးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ဆားကစ်စ်ပြားများ၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ ချုပ်ပြီးအထည်များ၊ ရာဘာထုတ်ကုန်များ၊ ပြုပြင်ပြီးကြက်သားနှင့် ဂျုံပစ္စည်းများ စသည်တို့၏ သယ်ယူပို့ဆောင်ရေးတွင် စိန်ခေါ်မှုများ ရှိလာနိုင်ပါကြောင်း၊ အရှေ့အလယ်ပိုင်းသို့ ပို့ကုန်တင်ပို့မှုသည် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ၁၀ ရာခိုင်နှုန်းရှိသော ဂျော်ဒန်နှင့် အစ္စရေးသို့ သွားရောက်မည့် လမ်းကြောင်းအတွက် အရေးကြီးသော်လည်း ပို့ကုန်စုစုပေါင်းတွင် သက်ရောက်မှုနည်းပါးပါကြောင်း၊ ထိုင်းပို့ကုန် ၉၀ ရာခိုင်နှုန်းသည် အာရပ်စော်ဘွားများပြည်ထောင်စုရှိ ဆိပ်ကမ်းများမှတစ်ဆင့် အခြားနိုင်ငံများသို့ ပို့ဆောင်ပါကြောင်း မဟာဗျူဟာရုံးက ထုတ်ပြန်ထားပါသည်။

အရှေ့အလယ်ပိုင်းအတွင်း ပြောင်းလဲနေသော ပဋိပက္ခများသည် အခြားဒေသများသို့ ပျံ့နှံ့နိုင်သည့် အလားအလာရှိပါကြောင်း၊ ပဋိပက္ခသည် ဂါဇာမှ ထပ်မံမပြန့်ပွားသော်လည်း လက်ဘနွန်နှင့် ဆီးရီးယားရှိ အုပ်စုများအကြား ထိတွေ့မှုများဖြစ်စေပြီး ပြင်းထန်လာမည်ဆိုပါက နေ့စဉ်ဆီတင်သင်္ဘောများ၏ ၂၁ ရာခိုင်နှုန်း (စည် ၂၀ သန်း) က  ဖြတ်သန်းသွားလာလျက်ရှိသော အဓိကလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ဆို့လာနိုင်ကြောင်း၊ ယင်းသို့ဖြစ်ပွားခဲ့ပါက အရှေ့အလယ်ပိုင်းမှ တင်သွင်းသော ရေနံစိမ်းအပေါ် အများဆုံး မှီခိုနေရသည့် ထိုင်းနိုင်ငံအတွက် သိသိသာသာ ထိခိုက်လာနိုင်ကြောင်း Mr. Poonpong က သုံးသပ်ထားပါသည်။

၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံက စွမ်းအင် (ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နှင့် သန့်စင်ပြီးဆီ) တင်သွင်းမှု၏ တစ်ဝက်သည် အရှေ့အလယ်ပိုင်းဒေသမှဖြစ်ပြီး အထူးသဖြင့် အာရပ်စော်ဘွားများပြည်ထောင်စု၊ အာရေးဗီးယားနှင့် ကာတာနိုင်ငံတို့မှဖြစ်ကြောင်း၊ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခဲ့ပါက ထိုင်းနိုင်ငံ၏ ဆီတင်သွင်းမှု ယာယီရပ်ဆိုင်ခြင်း၊ ရေနံစိမ်းပြတ်လပ်မှုဖြစ်ခြင်းနှင့် ဆီဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် စက်မှုလုပ်ငန်းများနှင့် ပို့ဆောင်ရေးကဏ္ဍတွင် ဆိုးကျိုးများ ဖြစ်လာနိုင်ကြောင်း၊ ငွေကြေး ဖောင်းပွမှုနှုန်းနှင့်‌ နေထိုင်မှုကုန်ကျစရိတ်များတွင် စိန်ခေါ်မှုများ ဖြစ်လာနိုင်ကြောင်း၊ ဟော်မုဇ်ရေ လက်ကြားသည် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဂျဘဲလ်အာလီ (Jebel Ali) ဆိပ်ကမ်းသို့ ထိုင်းကုန်စည်များ ဖြတ်သန်းပို့ဆောင်ရသဖြင့် အရေးကြီးပါကြောင်း Mr. Poonpong က ဖြည့်စွက်ပြောကြားခဲ့သည်။

ပင်လယ်နီအတွင်း တိုက်ခိုက်မှုသည် ထိုင်းပို့ကုန်အတွက် သိသိသာသာ ထိခိုက်မှုမရှိသော်လည်း ယင်း တိုက်ခိုက်မှု၏ နောက်ဆက်တွဲဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့ပါက ဟော်မုဇ်ရေလက်ကြားတွင် ပိတ်ဆို့မှုများဖြစ်ပေါ်လာနိုင်ပြီး ထိုင်းနိုင်ငံ၏ ပို့ကုန်သာမက ရေနံစိမ်းတင်သွင်းမှုတွင်ပါ ထိခိုက်မှုရှိလာနိုင်ကြောင်း ကုန်သွယ်ရေးမူဝါဒ မဟာဗျူဟာရုံး၏ ထုတ်ပြန်ပြောကြားချက်အရ သုံးသပ်တင်ပြအပ်ပါ သည်။

 

 

Source: www.bangkokpost.gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: International News