International News

နိုင်ငံတကာအစားအသောက်နှင့် အဖျော်ယမကာပြပွဲ ဟိုချီမင်းမြို့၌ ကျင်းပ

Last Updated:

နိုင်ငံတကာအစားအသောက်နှင့် အဖျော်ယမကာပြပွဲ (HCMC FOODEX 2023) ကို ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအချက်အချာနေရာဖြစ်သည့် ဟိုချီမင်းမြို့ရှိ ဆိုင်ဂုံကွန်ဗင်းရှင်းစင်တာတွင် ဇွန်လ ၂၈ က ကျင်းပပြုလုပ်ခဲ့ပါသည်။

“International of Values and Development” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အဆိုပါပွဲတွင် ပြပွဲအခန်းပေါင်း ၂၅၀ ခန့်ပါဝင်ပြီး၊ ပြည်တွင်းကုမ္ပဏီကြီး ၂၀၀ကျော် နှင့် နိုင်ငံတကာစားသောက်ကုန်လုပ်ငန်းကြီးများဖြစ်သည့် Vinamilk, Binh Tay Food, Bidrico, Sagri, Cholimex, Satra နှင့် Vissan တို့မှ ပါဝင်ပြသခဲ့ကြသည်။

စည်ပင်သာယာရေးပြည်သူ့ကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ Doung Anh Duch က စားသောက်ကုန်လုပ်ငန်းသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ဗီယက်နမ်သည် လက်ရှိတွင် ကုန်သွယ်ရေးသဘောတူစာချုပ်များစွာ ရေးထိုးထားပြီးဖြစ်ကြောင်း၊ နိုင်ငံအများစုသည် ကမ္ဘာ့စားနပ်ရိက္ခာအကြပ်အတည်းကို ရင်ဆိုင် နေရချိန်တွင် စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးကိုပါ သေချာအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဗီယက်နမ်၏ စားနပ်ရိက္ခာ ပြုပြင်ထုတ်လုပ်မှုအပိုင်းများတွင် စီးပွားရေးလုပ်ငန်း ရှင်များအတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ အကျိုးကျေးဇူးများစွာကို ရရှိစေကြောင်း ပြောကြားခဲ့ပါသည်။

စားသောက်ကုန်လုပ်ငန်းသည် ဟိုချီမင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောစက်မှုလုပ်ငန်းလေးခုအနက်မှ တစ်ခုအပါအဝင်ဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှု၏ ၁၄ မှ ၁၅ ရာခိုင်နှုန်းခန့်ရှိကြောင်းနှင့် ပြည်တွင်းစားသောက်ကုန်လုပ်ငန်းများ၏ ထုတ်လုပ်မှုသည် ပြည်တွင်းပြည်ပစားသုံးရန်အတွက် ကိုက်ညီဖူလုံမှုရှိကြောင်းသိရှိရပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးစင်တာ၏ ဒါရိုက်တာ Tran Phu Lu က ယခုပွဲသည် ဗီယက်နမ်အမှတ်တံဆိပ်များနှင့် အရည်အသွေးကောင်းထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်တွင် မိတ်ဆက်ပြသနိုင်သကဲ့သို့ အပြန်အလှန်အားဖြင့် လာရောက်ပြသသူများအနေအတွက်လည်း ဗီယက်နမ် ဈေးကွက် သို့ ၎င်းတို့ကုန်ပစ္စည်းများကို မိတ်ဆက်ပြသနိုင်မည့် အခွင့်အရေးရရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ပြပွဲအနေဖြင့် ပြည်တွင်းပြည်ပထုတ်လုပ်သူများနှင့် ဖြန့်ဖြူးသူများအကြား ကုန်ပစ္စည်း မိတ်ဆက်ခြင်းအပြင် စီးပွာရေးအခွင့်အလမ်းများ ပိုမိုခိုင်မာစေရန်အတွက် ကြားခံပလက်ဖောင်း တစ်ခုအနေဖြင့်ဆောင်ရွက်ပေးမည့်နေရာလည်းဖြစ်ကြောင်း သိရှိရပါသည်။

HCMD FOODEX ပြပွဲတွင် ဆွေးနွေးပွဲများ၊ ဟောပြောပွဲများအပါအဝင် ကုန်သွယ်မှု မြှင့်တင်ရေးအစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ စားသောက်ကုန်လုပ်ငန်းရှိ ခေတ်ရေစီးကြောင်းသစ်နှင့် နည်းပညာများ၊ တရုတ်ဈေးကွက်သို့ စားသောက်ကုန်လုပ်ငန်းမှ စီးပွားရေးလုပ်ငန်းရှင်များယှဉ်ပြိုင်နိုင်စွမ်းတိုးတက်စေရေး၊ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ရာတွင် စိန်ခေါ်မှုများနှင့် မဟာဗျူဟာများကိုသိရှိစေရေး၊ သန့်ရှင်းကောင်းမွန်သည့် အစားအစာထုတ်လုပ်မှု ကြာရှည်တည့်တံ့စေရေး စသည့်တို့အား ဆွေးနွေးဟောပြောကြမည်ဖြစ်ပါသည်။ ထို့ပြင်အစားအသောက်ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးသူများအကြား၊ ခေတ်မီစူပါမားကတ်ကြီးများ၊ ထုတ်လုပ်သူနှင့် Ecommerce channel များကြား၊ ထုတ်လုပ်သူနှင့် နိုင်ငံတကာမှ ဝယ်ယူသူများအကြား B2B ကုန်သွယ်မှုအတွက် စီစဉ်ထားကြောင်းလည်း သိရှိရပါသည်။

သုံးသပ်ချက်

မြန်မာနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါပြပွဲများတွင် မိမိလုပ်ငန်းထုတ်ကုန်ပစ္စည်းများကို ပါဝင်မိတ်ဆက်ပြသခြင်းဖြင့် ဗီယက်နမ်ဈေးကွက်နှင့် အခြားနိုင်ငံ ဈေးကွက်များသို့ ကျယ်ပြန့်စွာပေးပို့ရောင်းချနိုင်မည့် အခွင့်အလမ်းများ ရရှိ နိုင်မည်ဖြစ်ပါသည်။ ယခု HCMC Foodex တွင် မြန်မာနိုင်ငံမှ Cho Cho Industry Ltd မှ ဝင်ရောက်ပြသခဲ့ပြီး Business Matching ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Source : Vietnam +

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News