International News

၂၀၃၀ ခုနှစ်အထိ ဆန်တင်ပို့မှုဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို အတည်ပြု

Last Updated:

ဒုတိယဝန်ကြီးချုပ် Le Minh Khai သည် ဗီယက်နမ်နိုင်ငံ၏ ၂၀၃၀ ခုနှစ်အထိ ဆန်တင်ပို့မှု ဈေးကွက်ဖွံဖြိုးတိုးတက်ရေး မဟာဗျူဟာကို အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ ၎င်းမဟာဗျူဟာသည် ဆန်တင်ပို့သည့် ဈေးကွက်များကို ဖွံ့ဖြိုးတိုးတက်စေရန်၊ သင့်တင့်မျှတသော၊ တည်ငြိမ်မှုရှိသော၊ ထို့ပြင်ထိရောက်သော တိုးတက်မှုနှုန်း၊ ဈေးကွက်ဖွဲ့စည်းမှုပုံစံနှင့် ထုတ်ကုန်ဖွဲ့စည်းမှုပုံစံတို့ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အမျိုးအမည်စုံလင်ကွဲပြားလာစေရန် ရည်ရွယ်သည်။

ယင်းမဟာဗျူဟာအရ ဗီယက်နမ်သည် အစဉ်အလာနှင့် အဓိကကျသော ပို့ကုန်ဈေးကွက်များကို ခိုင်မာအားကောင်းစေရန် စုစည်းသွားမည်ဖြစ်ပြီး ဈေးကွက်သစ်များ၊ အလားအလာရှိသော စျေးကွက်များနှင့် ဗီယက်နမ်နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ(FTAs) လက်မှတ်ရေးထိုးထားသော စျေးကွက်များကို ဖော်ထုတ်သွားမည်ဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဗီယက်နမ်ဆန်အတွက် ဈေးကွက်ဝေစု ပိုမိုရရှိရန် လည်း ရည်မှန်းထားသည်။

ဗီယက်နမ်သည် ပို့ကုန်ဈေးကွက်များကို ပြည်တွင်းထုတ်လုပ်မှုနှင့် တန်ဖိုးကွင်းဆက်များနှင့်အညီ ချိတ်ဆက်ပေးခြင်း၊ ပြည်ပသို့တင်ပို့သည့် ဆန်များသည် အရည်အသွေးမြင့်မားကြောင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းကြောင်း သေချာမှုရှိစေရန် ဆောင်ရွက်ခြင်းဖြင့် ဗီယက်နမ်ဆန်နှင့် ဆန်မှပြုပြင်ထုတ်လုပ်ထားသော ထုတ်ကုန်များ ဈေးကွက်အတွင်း တိုက်ရိုက်ဖြန့်ဖြူးရေးလမ်းကြောင်းများတွင် ပါဝင်မှုတိုးမြင့်လာစေရန်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် ဗီယက်နမ်နိုင်ငံသည် အရည်အသွေးမြင့်ဆန်နှင့် ဆန်အခြေခံထွက်ကုန်များတင်ပို့ရန်၊ ၎င်းတို့၏ တန်ဖိုးများကို မြှင့်တင်ရန်၊ ပို့ကုန်များ ရေရှည်တည်တံ့မှုရှိစေရန်နှင့် ဗီယက်နမ်ဆန်၏ ရရှိထားသော ဂုဏ်သတင်းနှင့် အမှတ်တံဆိပ်တို့ ခိုင်မာစွာဆက်လက်တည် ရှိနေစေရန်လည်း မျှော်မှန်းထားသည်။

အသေးစိတ်ရည်မှန်းချက်များမှာ ပို့ကုန်များကို တန်ဖိုးပိုမိုတိုးမြှင့်ရေး၊ ပို့ကုန်ဆန်ကို တန်ဖိုးမြှင့်တင်ရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် ပို့ကုန်ပမာဏ တန်ချိန် ၄ သန်းခန့်သို့၊ ဝင်ငွေအားဖြင့်ဆိုပါက အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၂ ဘီလီယံခန့်သို့ လျှော့ချရေးတို့ဖြစ်သည်။ ပျမ်းမျှပို့ကုန်တိုးတက်မှုနှုန်းသည် ၂၀၂၃-၂၀၂၅ ကာလတွင် ၂ ဒသမ ၄ ရာခိုင်နှုန်းခန့်နှင့် ၂၀၂၆-၂၀၃၀ ကာလ တွင် ၃ ဒသမ ၆ ရာခိုင်နှုန်းခန့် ကျဆင်းသွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်ကြားတွင် အနိမ့်စားနှင့် အလယ်အလတ်အဆင့် ဆန်ဖြူတို့၏ ပါဝင်မှုအချိုးအစားသည် စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း၊ အဆင့်မြင့်ဆန်ဖြူအတွက် ၂၀ ရာခိုင်နှုန်းခန့်၊ ဆန်မွှေး၊ ဂျပန်ဆန်နှင့် အထူးဆန်အတွက် ၄၀ ရာခိုင်နှုန်း၊ ကောက်ညှင်း အတွက် ၂၀ ရာခိုင်နှုန်း၊ အာဟာရဆန်၊ ပြုတ်ဆန်၊ အောဂဲနစ်ဆန်၊ ဆန်မှုန့်၊ ဆန်မှထုတ်လုပ်သော ပစ္စည်းများ၊ ဖွဲနုနှင့် အခြားဆန်ထွက် ကုန်ပစ္စည်းများကဲ့သို့သော တန်ဖိုးမြှင့်ဆန်ထွက်ကုန်များ အတွက်  ၅ ရာခိုင်နှုန်းနှင့် အမှတ်တံဆိပ်ပါဆန်များအတွက် ၂၀ ရာခိုင်နှုန်းထက် ကျော်လွန်မည်မဟုတ်ပါ။

၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်ကြားကာလအတွက် ယင်းတို့၏ ပါဝင်မှုအချိုးအစားဆိုင်ရာ ကိန်းဂဏန်းများသည် ၁၀%၊ ၁၅%၊ ၄၅%၊ ၂၀%၊ ၁၀% နှင့် ၄၀% တို့ အသီးသီးဖြစ်ကြသည်။

၂၀၃၀ ပြည့်နှစ်တွင် တင်ပို့သည့်ဆန်၏ ၂၅ ရာခိုင်နှုန်းသည် ဗီယက်နမ်ဆန် ဖြစ်ကြောင်း အမှတ်တံဆိပ်များ ပါရှိနိုင်ရန် မျှော်မှန်းထားသည်။

၂၀၂၅ ခုနှစ်တွင်  ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု စုစုပေါင်းဝင်ငွေ၏ ၆၀ % ကို အာရှဈေးကွက် မှလည်းကောင်း၊  ၂၂% ကို အာဖရိကစျေးကွက်မှလည်းကောင်း၊  ၄ % ကို အရှေ့အလယ်ပိုင်း စျေးကွက်မှလည်းကောင်း၊ ၃ % ကို ဥရောပစျေးကွက်မှလည်းကောင်း၊  ၇% ကို အမေရိက တိုက်စျေးကွက်မှလည်းကောင်း၊  ၄% ခန့် ကို ပစိဖိတ်သမုဒ္ဒရာတွင်းရှိ ကျွန်းနိုင်ငံများ စျေးကွက် မှလည်းကောင်း ရရှိမည်ဖြစ်သည်။

၂၀၃၀ ပြည့်နှစ်အတွက် ဗီယက်နမ်ဆန်တင်ပို့မှု စုစုပေါင်းဝင်ငွေတွင် ယင်းနိုင်ငံများမှ ပါဝင်မှုအချိုးအစားဆိုင်ရာ ကိန်းဂဏန်းများသည် ၅၅ %၊ ၂၃%၊ ၅%၊ ၅%၊ ၈% နှင့် ၄% တို့ အသီးသီး ဖြစ်ကြသည်။

Source : Vietnam +

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News