ထိုင်းနိုင်ငံအစိုးရ၏ အထောက်အပံ့များ ရှိနေသော်ငြားလည်း ထိုင်းလယ်သမားများသည် အာရှနှင့် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးဖြစ်ကြောင်း၊ ပျမ်းမျှအားဖြင့် ၁ ရိုင်လျှင် ဘတ် ၂,၀၀၀ ခန့် ဆုံးရှုံးမှုရှိပြီး ကြွေးမြီများသည်လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့ကြောင်း University of Thai Chamber of Commerce (UTCC) ၏ အစီရင်ခံစာအရ သိရှိရပါသည်။
ဆယ်စုနှစ်အတွင်း လယ်သမားတို့၏ ဝင်ငွေမြှင့်တင်ရေးအတွက် အစိုးရ၏ ကူညီဆောင်ရွက်ခဲ့မှု အားထုတ်မှုတို့သည် အားနည်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ဆန့်ကျင်ဘက်အားဖြင့် ထိုင်းတောင်သူများသည် ကြွေးမြီများ ထပ်ကာထပ်ကာ တင်ရှိခဲ့ပါကြောင်း၊ တစ်ဦးလျှင် ဘတ် ၁၀၀,၀၀၀ မှ ၃၀၀,၀၀၀ အတွင်း ကြွေးမြီများရှိကြကြောင်း၊ ၂၀၁၂ မှ ၂၀၂၂ ခုနှစ်အတွင်း လေ့လာတွေ့ရှိချက်အရ ထိုင်းလယ်သမားတို့၏ ဝင်ငွေသည် အခြားသော ဆန်စပါးစိုက်ပျိုးတင်ပို့လျက်ရှိသည့် နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဗီယက်နမ်နှင့် မြန်မာတို့နှင့် နှိုင်းယှဉ်ပါက စပါးအထွက်နှုန်း၊ လယ်သမားတို့၏ ဝင်ငွေနှင့် စုဆောင်းမှုတို့ တွင် နည်းပါးကြောင်း UTCC ၏ နောက်ဆုံးလေ့လာချက်တွင် ဖော်ပြထားပါသည်။
၂၀၁၂ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့ကို နှိုင်းယှဉ်ပါက ထုတ်လုပ်မှုကုန်ကျစရိတ်သည် တဖြည်းဖြည်း မြင့်တက်လာပါကြောင်း၊ ဝင်ငွေမှာမူ နည်းပါးပါကြောင်း၊ အရေးကြီးသောအချက်များဖြစ်သည့် ထိုင်းနိုင်ငံ၌ စပါးစိုက်ပျိုးဧရိယာ ၁ ရိုင်လျှင် စပါး ၄၅၀ ကီလိုဂရမ်ခန့်ထွက်ရှိသည့် အချိန်၌ ဗီယက်နမ်နိုင်ငံတွင် ၃ ဆခန့်ဖြစ်သည့် ၁၀၀၀ ကီလိုဂရမ်ထွက်ရှိပါကြောင်း UTCC ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Aat Pisanwanich က ပြောကြားပါသည်။
ထိုင်းလယ်သမားများသည် စပါးစိုက်ပျိုးမှုကို အချိန်နှင့်သာ စိုက်ပျိုးပါကြောင်း၊ ဈေးနှုန်းနှင့် စပါးအထွက်နှုန်းကိုသာ အာရုံစိုက်ကြပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ် အာရုံစိုက်မှုနည်းပါးပါကြောင်း၊ စပါးစိုက်ပျိုးရာတွင်ပညာရှင်ဖြစ်သည့် ဗီယက်နမ်သည်“၃ မျိုးလျှော့၊ ၃ မျိုးတိုး(3 Reductions, 3 Increases” မူအတိုင်း ကုန်ကျစရိတ်၊ ဓာတုပစ္စည်းနှင့် ဓာတ်မြေဩဇာအသုံးပြုမှုနှင့် ပိုးသတ်ဆေးတို့ကို လျှော့ချပြီး ထုတ်လုပ်မှု၊ အရည်အသွေးနှင့် အမြတ်တို့ကို တိုးမြင့်စေရန် ဆောင်ရွက်ကြပါကြောင်း Mr. Aat က ဆက်လက်ပြောကြားပါသည်။
ထိုင်းလယ်သမားများသည် ကြွေးမြီများကို လယ်မြေများအား ရောင်းချ၍ပေးချေကြကြောင်း၊ ယင်းနောက် အငှားဖြင့် ပြန်လည်စိုက်ပျိုးကြကြောင်း၊ ထို့အပြင် ရေပြတ်လပ်မှုကိုလည်း ကြုံတွေ့ရပါ ကြောင်း၊ တစ်နှစ်လျှင် စပါး ၁ ကြိမ် သို့မဟုတ် ၂ ကြိမ်သာ စိုက်ပျိုးနိုင်သော်လည်း ဗီယက်နမ် လယ် သမားများသည် ၃ ကြိမ်စိုက်ပျိုးနိုင်ကြောင်း၊ ထိုင်းအစိုးရကဆန်စပါးသုတေသနအတွက် တစ်နှစ်လျှင် ဘတ် ၂၀၀ သန်းသာ လျာထားချိန်တွင် ဗီယက်နမ်အစိုးရက ဘတ် ၃ ဘီလီယံခန့်၊ အိန္ဒိယ၊ တရုတ်နှင့် ဂျပန်တို့က အမေရိကန်ဒေါ်လာ ၁ သန်းထက်ပင် ပိုမိုလျာထားကြကြောင်း Mr. Aat က ထောက်ပြ ပါသည်။
ဈေးကွက်ထောက်ပံ့မှုမူဝါဒများသည် ထိုင်းဆန်၏ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုကို အားလျော့စေပြီး ပြဿနာ၏ အဓိကအချက်ကို ထိရောက်မှုမရှိပါကြောင်း၊ ရလဒ်အနေဖြင့် လယ်သမားများ၏ ကြွေးမြီများ များပြားလာခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာခြင်း၊ စပါးအထွက်နှုန်းလျော့ နည်းလာ ခြင်းတို့မှတစ်ဆင့် ရောင်းဈေးကိုပါ ကျဆင်းစေနိုင်ပါကြောင်း၊ ဆန်ဈေးကွက်တွင် ထောက်ပံ့ပေးမှုသည် ဆန်စပါး ဖွံ့ဖြိုးတိုးတက်မှုအတွက် သင့်လျော်သော အဖြေမဟုတ်ပါကြောင်း ၎င်းက သုံးသပ်ပြောကြားပါသည်။
အစိုးရသစ်အနေဖြင့် ရေစီမံခန့်ခွဲမှုကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ရေလုံလောက်စွာ မရရှိပါက လယ်ယာစိုက်ပျိုးရေးနှင့် လယ်ယာထွက်ကုန်များ ရှင်သန်ရန် ခက်ခဲပါကြောင်း၊ ရေလှောင်ကန်များ တူးဖော်ဆောက်လုပ်ခြင်းနှင့် မိုးခေါင်မှုအတွက် ကြိုတင်ပြင်ဆင်ရန် အစိုးရအနေဖြင့် လယ်သမားတစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့အလိုက်သော်လည်းကောင်း အတိုးမဲ့ချေးငွေများ သို့မဟုတ် ဘဏ္ဍာရေးထောက်ပံ့မှုများ ပေးစေလိုကြောင်း၊ အချို့သော ပြည်နယ်များတွင် မိုးရာသီဖြစ် လင့်ကစား မိုးခေါင်မှု ပြဿနာများ ရင်ဆိုင်နေရသဖြင့် ယင်းကိစ္စရပ်သည် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အရေးတကြီးဆောင်ရွက်သင့်ပါကြောင်း Mr. Aat က အကြံပြုပြောကြားပါသည်။
Source: www.bangkok post. gov
(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)