International News

တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးတင်းမာမှုကို ဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းရန် စိတ်အားထက်သန်နေ

Last Updated:

တရုတ်နိုင်ငံသည် ကုန်သွယ်ရေးတင်းမာမှုများကို ဖြေရှင်းရန်အတွက် ဥရောပသမဂ္ဂနှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားပြီး တရုတ်ကုမ္ပဏီများ၏ တရားဝင် အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သည့်အစီအမံအားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အကြီးတန်း ကုန်သွယ်ရေးအရာရှိများက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao နှင့် ဒုတိယဝန်ကြီး Ling Ji တို့က စပိန်နှင့် ဂရိနိုင်ငံတို့ရှိ တရုတ်ကုမ္ပဏီများ၏ စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် တရုတ်နှင့် ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်မှုတင်းမာမှုများ ထပ်မံမြင့်တက်လာမှုကို တားဆီး ရန်အတွက် တရုတ်နှင့် ဥရောပသမဂ္ဂတို့၏ စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့ကြသည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားကြောင်း သိရှိရပါသည်။

လျှပ်စစ်ကားများ၊ မီးရထားစက်ခေါင်းများနှင့် ဆိုလာနှင့် လေအားတို့မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်း၊ လုံခြုံရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် အသုံးပြုသည့် စက်ပစ္စည်းများကဲ့သို့သော တရုတ်နိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်းများအပေါ် မကြာသေးမီက ဥရောပသမဂ္ဂ၏ အပြင်းအထန် စုံစမ်းစစ်ဆေးမှုများကြောင့် ၎င်းတို့၏ မှတ်ချက်များ ထွက်ပေါ် လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် အလွန်အကျွံထုတ်လုပ်နေပြီး တရားမျှတမှုမရှိသော ပြိုင်ဆိုင်မှုကို ဖြစ်ပေါ်စေသည်ဟူသော မှားယွင်းသည့် အကြောင်းပြချက်များဖြင့် ဆောင်ရွက်ခဲ့သည့် အဆိုပါ စုံစမ်းစစ်ဆေးမှုများတွင် ကုန်သွယ်ရေးကုစားမှုများ၊ နိုင်ငံတကာဝယ်ယူရေးလုပ်ငန်းများနှင့် အထောက်အပံ့ပေးသည့်စည်းမျဉ်းများကို ခွဲခြားအသုံးချမှုများ ရှိနေပြီး တရုတ်နှင့် ဥရောပသမဂ္ဂ တို့အကြား ကုန်သွယ်ရေးတင်းမာမှုများ တိုးလာမည့် အန္တရာယ်ရှိနေသည်ဟု Wang က ဘာစီလို နာမြို့တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပြင်သစ်၊ ဂျာမနီနှင့် ဥရောပသမဂ္ဂခေါင်းဆောင်များသည် ကုန်သွယ်ရေးစစ်ပွဲကို ရှောင်ရှား ရန် အကြိမ်ကြိမ် ကတိပြုခဲ့ကြပြီး စည်းမျဥ်းအခြေခံသည့် နိုင်ငံစုံကုန်သွယ်မှုစနစ်နှင့် ယှဉ်ပြိုင်မှု အတွက် သာတူညီမျှသောပတ်ဝန်းကျင်ကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်ဟု Wang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဥရောပသမဂ္ဂသည် ကုန်သွယ်ရေးတင်းမာမှုများ တိုးမြင့်လာနိုင်သည့် မည်သည့်အရာကို မဆို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်မည်ဟု မျှော်လင့်ကြောင်း အေသင်မြို့တွင် ကူးသန်းရောင်း ဝယ်ရေးဒုတိယဝန်ကြီး Ling က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဥရောပသမဂ္ဂသည် တရုတ်ကုမ္ပဏီများကို ဆက်လက်ဖိနှိပ်ပါက တရုတ်နိုင်ငံသည် ၎င်းတို့ ကုမ္ပဏီများ၏ တရားဝင်အကျိုးစီးပွားကို ကာကွယ်ရန် လုံလောက်သော စွမ်းရည်ရှိကြောင်း Ling က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်ကုမ္ပဏီများသည် ဥရောပနိုင်ငံအများအပြား၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုး တက်မှုအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ဖြစ်စေပြီး ထောက်ပံ့ပို့ဆောင်ရေး၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသောစွမ်းအင်နှင့် လယ်ယာထွက်ကုန် ကုန်သွယ်မှုစသည့် နယ်ပယ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် သိသာထင်ရှားသော အလားအလာများရှိနေကြောင်း ပေကျင်းအခြေစိုက် Chinese Academy of Social Sciences ၏ European Studies Institute မှ တွဲဖက်သုတေသီ Yang Chengyu က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သို့ရာတွင် တရုတ်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်များအကြား အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို လျစ်လျူရှု၍ ဥရောပသမဂ္ဂသည် ယခုနှစ်အတွင်း ဥရောပရှိ တရုတ် ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်ကုမ္ပဏီများပါဝင်သည့် ဝယ်ယူရေးလေလံများကို စုံစမ်းစစ်ဆေးမှု များ စတင်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များ အရ သိရှိရပါသည်။

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော အရည်အသွေးမြင့် စက်မှုထုတ်ကုန်များသည် လက်ရှိ ဥရောပဈေးကွက်အတွက် လိုအပ်သည့် ပစ္စည်းများဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံတွင် လုပ်ငန်း လည်ပတ်လျက်ရှိသော ဥရောပကုမ္ပဏီများသည် တရုတ်-အီးယူ ကုန်သွယ်မှုနှင့် တရုတ်နိုင်ငံ၏ ကြီးမားသည့်စျေးကွက်မှ အမြတ်အစွန်းများ အများအပြား ရရှိခဲ့ကြောင်း Yang မှ ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။

လက်ရှိ တရုတ်-အီးယူ ကုန်သွယ်မှုအခြေအနေသည် အပြန်အလှန်မှီခိုလျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ ဂျာမနီနှင့် ကျန်ဥရောပနိုင်ငံများသို့ တင်ပို့သည့် ကားအမြောက်အမြားသည် တရုတ် ကုမ္ပဏီများကသာ ထုတ်လုပ်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ အစိတ်အပိုင်းများသည် ဥရောပထုတ်လုပ် သူများထံမှလည်း ပါဝင်ကြောင်း ရှန်ဟိုင်းရှိ Tongji University မှ ဂျာမန်လေ့လာရေးစင်တာ၏ ဒါရိုက်တာ Zheng Chunrong က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဥရောပသမဂ္ဂသည် အခွန်များ စည်းကြပ်မည်ဆိုပါက တရုတ်နိုင်ငံ၌ရှိသည့် ဥရောပ စီးပွားရေးလုပ်ငန်းများကိုလည်း ထိခိုက်လိမ့်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကဲ့သို့ နိုင်ငံစုံယန္တရားများမှတစ်ဆင့် စေ့စပ်ညှိနှိုင်း ခြင်းဖြင့် ဖြေရှင်းသင့်ကြောင်းနှင့် အမေရိကန်နိုင်ငံနှင့်နှိုင်းယှဉ်ပါက ဥရောပနိုင်ငံအများစုသည် နိုင်ငံစုံစည်းမျဉ်းများကို ပိုမိုလိုက်နာကြကြောင်း Zheng က ပြောကြားခဲ့သည်ဟု သိရှိ ရပါသည်။

၂၀၂၄ ခုနှစ်၊ ပထမလေးလတွင် တရုတ်-အီးယူ ကုန်သွယ်မှုပမာဏသည် ယွမ် (၁.၇၅) ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၄၁.၅ ဘီလီယံ)ရှိပြီး တစ်နှစ်ထက်တစ်နှစ် (၁.၈)ရာခိုင်နှုန်း ကျဆင်းသွားရာ ထိုကာလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု တန်ဖိုး ၏ (၁၂.၇)ရာခိုင်နှုန်းရှိကြောင်း တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ ၏ အချက်အလက်များ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။

 

 

Source: https://www.chinadaily.com.cn/a/202406/04/WS665e7239a31082fc043cabf7.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News