International News

Post-Brexit Trade Deal လက်ရှိတွင် သဘောတူညီမှုရနိုင်ဖွယ်မရှိသေးကြောင်း အီးယူ Negotiator ပြောကြား

Last Updated:

ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံတို့အကြား ဗြိတိန်ခွဲထွက်မှုအလွန် ကုန်သွယ်ရေးသဘော တူညီချက် (Post-Brexit Trade Deal) အား လက်ရှိ အခြေအနေတွင် သဘောတူညီမှုရနိုင်ဖွယ်မရှိ သေးကြောင်း အီးယူ၏ ဗြိတိန်ခွဲထွက်မှုဆိုင်ရာစေ့စပ်ညှိနှိုင်းရေးခေါင်းဆောင် Michel Barnier က ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အီးယူမှ တရားဝင် ထွက်ခွာခဲ့ပြီး၊ အီးယူနှင့်ကုန်သွယ်ရေး သဘောတူညီချက်အား အပြီးသတ်နိုင်ရေး ဒီဇင်ဘာလကုန် အထိအကူးအပြောင်းကာလတွင် ရှိနေခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သည့် စေ့စပ်ညှိနှိုင်းပွဲများအပြီးတွင် အဓိကအရေးပါသည့် Fair competition နှင့် Fisheries ဆိုင်ရာကိစ္စရပ်များတွင် တိုးတက်မှု မရှိခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် Fair competition နှင့် Fisheries တို့နှင့်ပတ်သက်၍ တံခါးဖွင့်ပေးရန် ဗြိတိန်နိုင်ငံက ငြင်းဆိုထားပြီး၊ ကုန်သွယ်ရေး သဘောတူညီချက်မှာ ယခုအနေအထားတွင် ဖြစ်နိုင်ဖွယ်မရှိသေးကြောင်း၊ ထိုသို့ခက်ခဲသည့်အခြေအနေများရှိသော်လည်း စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Barnier က ပြောကြားသည်။ သဘောတူညီချက် ရရှိရေးဆိုင်ရာအခြေခံမူများအပေါ် ဇူလိုင်လတွင် ကနဦးနားလည်မှုရရှိရေး ရည်မှန်းချက်ချမှတ် ထားပြီး၊ အခက်ခဲဆုံးနယ်ပယ်များတွင် ညှိနှိုင်းရမည့်ခြားနားချက်များ ရှိနေဆဲဖြစ်ကြောင်း ဗြိတိန် နိုင်ငံ၏ စေ့စပ်ညှိနှိုင်းရေးအကြီးအကဲဖြစ်သူ David Frost က ပြောကြားခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဆောင်းဦးရာသီကာလ အထိ ဆက်လက်ဆွေးနွေးရန်မလိုအပ်ဘဲ ဇူလိုင်လကုန်ပိုင်းတွင် စေ့စပ်ညှိနှိုင်းမှုများကို အပြီးသတ်နိုင်ရေးသဘောထားရှိနေခြင်းဖြစ်သည်။ အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား ကုန်သွယ်မှုသဘောတူညီချက်အပေါ် သဘောတူညီမှုမရရှိခဲ့ပါက မြင့်မားသော အခွန်နှုန်းထားများပါဝင်သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စည်းမျဉ်းများသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

 

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်၊ ၂၃-၇-၂၀၂၀)

 

 

( စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

Category: International News