International News

ဂျပန်ဗဟိုဘဏ်မှ အတိုးနှုန်းတိုးမြှင့်သတ်မှတ်ခဲ့သော်လည်း ဂျပန်ယန်းငွေတန်ဖိုးမှာ ၃၄ နှစ်အတွင်း အနိမ့်ဆုံးနှုန်းထားသို့ ရောက်ရှိခဲ့

Last Updated:

ဂျပန်ဗဟိုဘဏ်အနေဖြင့် Negative Interest Rate Policy ကို အဆုံးသတ်ခဲ့ပြီးနောက် တစ်ပတ်အကြာ ၂၇-၃-၂၀၂၄ ရက်နေ့တွင် ဂျပန်ယန်းငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၁၅၂ ယန်းနီးပါးဖြင့် ၃၄ နှစ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ကျဆင်းခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်ယန်းငွေတန်ဖိုး လျင်မြန်စွာကျဆင်းလျက်ရှိခြင်းကြောင့် အစိုးရမှ မူဝါဒဆိုင်ရာ ထိန်းညှိဆောင်ရွက်မှုများပြုလုပ်နိုင်မှုအလားအလာမှာ ပိုမိုများပြားလာနိုင်ကြောင်း၊ ဂျပန်ဗဟိုဘဏ်အနေဖြင့် Negative Interest Rate Policy ကိုအဆုံးသတ်ရန် ကြေညာခဲ့သည့်အချိန်တွင် ယန်းငွေတန်ဖိုးမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၁၄၉.၃၀ ဒေါ်လာရှိခဲ့ပြီး ၂၇-၃-၂၀၂၄ ရက်နေ့တွင် ၁၅၁.၉၆ ယန်းသို့ ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

အစိုးရအနေဖြင့် ငွေတန်ဖိုးအတက်အကျပေါ်မူတည်၍ မူဝါဒများပြောင်းလဲသွားရန်မရှိကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး Shunichi Suzuki က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။ ယခုအပတ်အတွင်း ဂျပန်ယန်းငွေတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၁၄၉ ယန်းမှ ၁၅၃ ယန်းအကြားရှိနိုင်ကြောင်းနှင့် ဇူလိုင်လတွင် ထပ်မံ၍ အတိုးနှုန်းတိုးမြင့်သတ်မှတ်ခဲ့ပါက ယန်းငွေတန်ဖိုးအပေါ် ပိုမို၍ ဖိအားများဖြစ်စေနိုင်သည်ဟု Nomura Securities မှ ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

Sumitomo Mitsui Banking Corp., မှ နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်ရာအကြီးတန်းပညာရှင် Hirofumi Suzuki က ယန်းငွေတန်ဖိုးကျဆင်းခြင်းသည် စီးပွားရေးအပေါ် ကောင်းကျိုးများဖြစ်ပေါ်စေသော်လည်း ငွေလဲလှယ်နှုန်းအတက်အကျများပြားခြင်းသည် မူဝါဒများထိန်းညှိဆောင်ရွက်ရာတွင် စိန်ခေါ်မှုများဖြစ်ပေါ်စေကြောင်းနှင့် စီးပွား ရေးလုပ်ငန်းများ၏ယုံကြည်မှုအပေါ်လည်း ထိခိုက်စေကြောင်း၊ အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၁၅၅ ယန်းနှုန်းသို့ ရောက်ရှိသည့်အချိန်မှသာ မူဝါဒဆိုင်ရာထိန်းညှိမှုများ ဆောင်ရွက်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ယန်းငွေတန်ဖိုးကျဆင်းမှုကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ၉.၂ ထရီလီယံယန်း(အမေရိကန်ဒေါ်လာ ၆၀.၈ ဘီလီယံ)ကို ဝယ်ယူခဲ့ပြီး၊ ဒေါ်လာကိုရောင်းချခဲ့ကြောင်း၊ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိအခြေအနေမှ ယန်းငွေတန်ဖိုးပြန်လည် အားကောင်းလာစေရေးအတွက် ယန်း ၂ ထရီလီယံမှ ၄ ထရီလီယံအထိသုံးစွဲနိုင်ကြောင်း Nomura Research Institute က ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးအခြေအနေဆက်လက်ကောင်းမွန်နေမည်ဆိုပါက ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ဂျပန်အစိုးရအနေဖြင့် အတိုးနှုန်းကို ထပ်မံတိုးမြှင့်သတ်မှတ်နိုင်ကြောင်း၊ သို့သော် ပြည်တွင်းဝယ်လိုအားလျော့နည်းလာမှု၊ အတိုးနှုန်းအတက်အကျကြောင့် ဂျပန်ပြည်သူအများစု၏ ပေါင်နှံထားမှုအပေါ် သက်ရောက်မှုများပြားလာနိုင်မှုတို့ကြောင့် စီးပွားရေးအပေါ် ထိခိုက်မှုများပြားနိုင်သည့်အတွက် ဂျပန်ဗဟိုဘဏ်အနေဖြင့် ယခုနှစ်အတွင်း အတိုးနှုန်းတိုးမြှင့်သတ်မှတ်နိုင်မည်မဟုတ်ကြောင်း Okasan Securities မှ အကြီးတန်းစီးပွားရေးပညာရှင် Ken Matsumoto က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်ဗဟိုဘဏ်အနေဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည့် Negative Interest Rate Policy ကို ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁၉-၃-၂၀၂၄ ရက်နေ့တွင် အဆုံးသတ်ကာ အတိုးနှုန်းကို (-၀.၁)ရာခိုင်နှုန်းမှ ၀ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ ဂျပန်ဗဟိုဘဏ်၏မူဝါဒဆိုင်ရာ အပြောင်းအလဲများသည် ယခုနှစ် မတ်လတွင်ကျင်းပခဲ့သည့် လုပ်ခလစာဆိုင်ရာညှိနှိုင်းအစည်းအဝေး၌ လစာနှုန်းထားတိုးမြှင့်မှုနှုန်းကို ၃၃နှစ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်သည့် ၅.၂၈ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် သဘောတူညီခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ဂျပန်အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သိသာထင်ရှားသည့်သက်ရောက်မှုများဖြစ်ပေါ်စေရန်အတွက် အခြေခံလစာတိုးမြှင့်မှုနှုန်းထားအား လူသုံးကုန်ဈေးနှုန်းများမြင့်တက်မှုနှုန်းနှင့်အညီ တိုးမြှင့်ပေးနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများအား တိုက်တွန်းဆောင်ရွက်လျက်ရှိပါသည်။ ဂျပန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းဆိုင်ရာမူဝါဒကို တည်ငြိမ်သောနှုန်းထားဖြင့် ဆက်လက်ထိန်းသိမ်းထားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည့်အတွက် လတ်တလောတွင် ငွေတန်ဖိုးကျဆင်းခြင်းကြောင့် အတိုးနှုန်းကို ထပ်မံတိုးမြှင့်သွားနိုင်မည်မဟုတ်ကြောင်း သုံးသပ်ရပါသည်။

Source: The Nikkei Asia (၂၇-၃-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News