အိန္ဒိယစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အာဆီယံ-အိန္ဒိယ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အား ထိရောက်စွာပြန်လည်စဉ်းစားသုံးသပ်သွားရန် နိုင်ငံ၏ကဏ္ဍအသီးသီးရှိ ပို့ကုန်လုပ်ငန်းရှင်များထံမှ သတင်းအချက်အလက်များကို ရယူစုဆောင်းလျက်ရှိကြောင်း သိရသည်။ အဆိုပါသတင်းအချက်အလက်များတွင် သက်ဆိုင်ရာအာဆီယံနိုင်ငံသီးသီး၌ အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် အရည်အသွေးထိန်းချုပ်မှု၊ နည်းပညာစံချိန်စံညွှန်းများနှင့် ရှုပ်ထွေးသော ပင်ရင်းဒေသစည်းမျဉ်းများအပါအဝင် အကောက်ခွန်မဟုတ်သော အတားအဆီးများနှင့်ပတ်သက်သော စိန်ခေါ်မှုအခက်အခဲအမျိုးမျိုး ပါဝင်သည်။
အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံနှင့်ကုန်သွယ်ရာတွင် ကုန်သွယ်မှုလိုငွေကြီးကြီးမားမား ဖြစ်ပေါ်နေမှုအပေါ် အဖြေရှာရန် ၎င်းအချက်အလက်များအား အသုံးပြုသွားမည်ဖြစ်ပြီး၊ အဆိုပါသုံးသပ်ချက်အား ၂၀၂၅ ခုနှစ်တွင် အပြီးသတ်မည်ဟု ခန့်မှန်းရသည်။
အာဆီယံ-အိန္ဒိယ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် သို့မဟုတ် အာဆီယံ-အိန္ဒိယကုန်စည်များကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် (ASEAN India Trade in Goods Agreement-AITIGA) ကို ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသည် နှစ်စဉ် ကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံခန့် ကုန်သွယ်မှုလိုငွေပြနေခဲ့သည်။ သို့သော် အဆိုပါလိုငွေမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကြီးဆုံးဖြစ်ပြီး ကန်ဒေါ်လာ ၄၃ ဒသမ ၅၇ ဘီလီယံရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် အာဆီယံသို့ ကန်ဒေါ်လာ ၄၄ ဘီလီယံတင်ပို့စဉ်၊ တစ်ဖက်တွင် ၈၇ ဒသမ ၅၇ ဘီလီယံဖိုး ပြန်လည်တင်သွင်းလျက်ရှိသည့် အနေအထားဖြစ်သည်။
အကြောင်းမှာ အာဆီယံနိုင်ငံများရှိ အကောက်ခွန်မဟုတ်သော အတားအဆီးများကြောင့်ဖြစ်သည်ဟု အိန္ဒိယမှယူဆလျက်ရှိပြီး၊ အဆိုပါသဘောတူညီချက်အား ပြန်လည်သုံးသပ်ခြင်းဖြင့် ယင်းကိစ္စများကို ကိုင်တွယ်ဖြေရှင်းသွားနိုင်လိမ့်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ထားသည်။ အာဆီယံတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားစသည့် နိုင်ငံ(၁၀)နိုင်ငံပါဝင်ပြီး၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးစုစုပေါင်း၏ ၁၁ ဒသမ ၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။
အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုလိုငွေသည် ဓါတုပစ္စည်း၊ ပလတ်စတစ်၊ ဓါတ်သတ္ထု၊ သားရေ၊ အထည်အလိပ်၊ အဖိုးတန်ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍတို့အပါအဝင် စုစုပေါင်းကဏ္ဍ(၂၂) ခုအနက် (၁၃) ခုတွင် ဆိုးဆိုးဝါးဝါးထိခိုက်လျက်ရှိကြောင်း သိရသည်။ အဆိုပါကဏ္ဍများမှ ပို့ကုန်များက အိန္ဒိယနိုင်ငံမှ အာဆီယံသို့ တင်ပို့သည့် ပို့ကုန်စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းရှိသည်။ အာဆီယံနိုင်ငံများနှင့် ယခင်ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများတွင် အိန္ဒိယပို့ကုန်များကို ပိတ်ဆို့လျက်ရှိသော အတားအဆီးများနှင့်ပတ်သက်၍ အထူးသဖြင့် စိုက်ပျိုးရေးနှင့်မော်တော်ယာဉ်ကဏ္ဍတို့ရှိ အတားအဆီးများအပေါ် စိုးရိမ်လျက်ရှိကြောင်း အိန္ဒိယကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး Piyush Goyal က ပြောကြားခဲ့သည်။
၎င်းအတားအဆီးများအနက် သဘောတူညီမှုပါ တစ်ဖက်သတ်အခွင့်အရေးပေးရခြင်း၊ အာဆီယံနိုင်ငံအသီးသီးမှ ပြဌာန်းသတ်မှတ်ထားသော အကောက်ခွန်မဟုတ်သော အတားအဆီးများ၊ သွင်းကုန်စည်းမျဉ်းစည်းကမ်းများ၊ ကိုတာစနစ်နှင့် ပို့ကုန်ခွန်တို့ပါဝင်သည်။ ပင်ရင်းဒေသစည်းမျဉ်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမရှိသည့်ကိစ္စကလည်း အဓိကအတားအဆီးတစ်ရပ်ဖြစ်နေသည်ဟု ဆိုသည်။
တရုတ်နိုင်ငံမှ ထုတ်ကုန်များသည် အဆိုပါသဘောတူညီချက်၏ အားသာချက်ကို ရယူ၍ အာဆီယံနိုင်ငံများသို့ ဝင်ရောက်လာပြီး အနည်းငယ်သာတန်ဖိုးမြှင့်တင်၍ အိန္ဒိယသို့ တစ်ဖက်လှည့်ဖြင့် ဝင်ရောက်လျက်ရှိသည့်အပေါ် အိန္ဒိယကုန်သွယ်မှုမြှင့်တင်ရေးကောင်စီက အထောက်အထားများ ရှာဖွေတွေ့ရှိထားသည်ဟု ဆိုသည်။
ယင်းသို့ အိန္ဒိယ-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အား တလွဲအသုံးချလျက်ရှိသည့်အတွက် အိန္ဒိယနှင့် အာဆီယံနိုင်ငံတို့အကြားရှိ ကုန်သွယ်မှုဆက်ဆံရေးအား ပိုမိုရှုပ်ထွေးစေလျက်ရှိကြောင်း အိန္ဒိယကုန်သွယ်မှုမြှင့်တင်ရေးကောင်စီက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည်လည်း အဆိုပါအာဆီယံ-အိန္ဒိယ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အရ သတ်မှတ်ကုန်စည်လိုင်းများအပေါ်တွင် သွင်းကုန်ခွန်များကင်းလွတ်သက်သာခွင့် ရရှိလျက်ရှိပါသည်။သို့ပါ၍ အိန္ဒိယအနေဖြင့် ၎င်းသဘောတူညီချက်အား ပြန်လည်သုံးသပ်၍ အာဆီယံနှင့်ကုန်သွယ်မှုတွင် လိုငွေကြီးကြီးမားမားဖြစ်ပေါ်နေသည့်အပေါ် စုံစမ်းအဖြေရှာသွားမည့်အပေါ်သိရှိနိုင်ပါရန်နှင့် မြန်မာနိုင်ငံအနေနှင့်လည်း နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ၎င်းတို့စိုးရိမ်လျက်ရှိသည့် ကုန်သွယ်မှုအတားအဆီးများနှင့် ပင်ရင်းဒေသသတ်မှတ်ချက်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံနှင့်အတူ ပူးပေါင်းလိုက်ပါဆောင်ရွက်သင့်ပါကြောင်း သုံးသပ်အကြံပြုတင်ပြလိုက်ရပါသည်။
ရည်ညွှန်းချက်။ The Hindu Business Line သတင်းဌာန၊ “India allows 9 lakh tonnes of broken rice export to 5 countries”၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)