International News

အိန္ဒိယနိုင်ငံသည် ဆန်ကွဲတန်ချိန် ၉ သိန်းအား နိုင်ငံ ၅ ခုသို့တင်ပို့ရောင်းချသွားမည်

Last Updated:

အိန္ဒိယနိုင်ငံသည် အမျိုးသားသမဝါယမပို့ကုန်လိမိတက်(National Cooperative Exports Limited-NCEL)မှတစ်ဆင့် ဆန်ကွဲတန်ချိန် ၉ သိန်းနီးပါးကို နိုင်ငံ ၅ ခုသို့လည်းကောင်း၊ ဂျုံနှင့်ဂျုံထွက်ပစ္စည်း ၃၄၀၀၀ တန်ကျော်တို့အား အိမ်နီးချင်းဘူတန်နိုင်ငံသို့ တင်ပို့ရောင်းချသွားမည်ဖြစ်သည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆန်ကွဲ၊ဂျုံနှင့် ဂျုံထွက်ပစ္စည်းများကို လူသားချင်းစာနာထောက်ထား မှုနှင့် စားနပ်ရိက္ခာအတွက် နိုင်ငံများ၏လိုအပ်ချက်အရ အစိုးရအချင်းချင်းအစီအစဉ်(G to G)ဖြင့်ရောင်းချပေးသွားရန်ခွဲတမ်းသတ်မှတ်သွားနိုင်ရေး လမ်းညွှန်ချက်နှင့်လုပ်ထုံးလုပ်နည်းများကို ယခုနှစ် ဇွန်လမှ ဇူလိုင်လအတွင်း ရေးဆွဲထားပြီးဖြစ်သည်။

အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(Directorate General of Foreign Trade -DGFT)က ပြီးခဲ့သည့်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သောအမိန့်ကြော်ငြာစာတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့စွဲနှင့် ထုတ်ပြန်ခဲ့သော ကုန်သွယ်မှုအသိပေးကြေညာလွှာအမှတ် ၀၈/၂၀၂၃ နှင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ကုန်သွယ်မှုအသိပေးကြေညာလွှာအမှတ် ၁၇/၂၀၂၃ နှင့် အမှတ် ၁၈/၂၀၂၃ တို့ကို အဆိုပါအမိန့်ကြော်ငြာစာအရ လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း ဖော်ပြထားသည်။

ယခင်က အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချဖူးသည့် အတွေ့အကြုံအပေါ်မူတည်၍ အစိုးရမှ ပို့ကုန်ခွဲတမ်းများသတ်မှတ်ပေးရန်အစီအစဉ်အပေါ် အချို့သောပို့ကုန်တင်ပို့သူများမှမကျေနပ်၍ နယူးဒေလီတရားရုံးချုပ်သို့ ဦးတိုက် လျှောက်ထားခဲ့ကြသည်။

အိန္ဒိယအစိုးရမှခွင့်ပြုပေးလိုက်သော ဆန်ကွဲ ၈၉၈၈၀၄ တန်အနက် ဆီနီဂေါနိုင်ငံအတွက် တန်ချိန် ၅ သိန်းခွဲဝေသတ်မှတ်ပေးပြီး လာမည့် ၆ လအတွင်း တင်ပို့သွားမည်ဖြစ်သည်။ အစိုးရက အင်ဒိုနီးရှားနိုင်ငံအတွက် ဆန်ကွဲတန်ချိန် ၂ သိန်းနှင့် မာလီနိုင်ငံအတွက် တန်ချိန် ၁ သိန်း အသီးသီးခွင့်ပြုခဲ့ကြောင်း သိရသည်။ ဂန်ဘီယာနိုင်ငံအတွက် သတ်မှတ်ထားသော ဆန်ကွဲ ၅၀၀၀၀ တန်ကိုလည်း ၆ လအတွင်း တင်ပို့သွားရန်ရှိသည်။ အလားတူဘူတန်နိုင်ငံသည် NCEL မှတစ်ဆင့် ဆန် ၄၈၈၀၄ တန်ကို ဝယ်ယူတင်သွင်းခွင့်ရမည်ဖြစ်ကြောင်း DGFT က ထုတ်ပြန်ပြောကြားခဲ့သည်။

ထို့အပြင် ဂျုံ ၁၄၁၈၄ တန်၊ ဂျုံမှုန့် ၅၃၂၆ တန်နှင့် သန့်စင်ပြီးနှင့်ပြုပြင်ထုတ်လုပ်ထားသော ဂျုံမှုန့် ၁၅၂၂၆ တန်တို့အား ဘူတန်နိုင်ငံသို့ တင်ပို့ရန် အစိုးရမှ ခွင့်ပြုထားပြီးဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ဆန်ကြမ်း၊ ဆန်ကွဲ၊ ဂျုံနှင့် ဂျုံထွက်ပစ္စည်းများကို ပြည်ပသို့တင်ပို့ခွင့်အား အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်ပိတ်ပင်ထားဖွယ်ရှိနေပါသည်။ အစိုးရအနေဖြင့် နောင်နှစ် ဇွန်လအထိ ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိနေသော အယ်နီညိုကြောင့် ထိခိုက်မှုများရှိသည့်အပေါ် စိုးရိမ်လျက်ရှိပြီး၊ ယခုနှစ်တွင်လည်း မိုးရာသီ သီးနှံတစ်ချို့၏ စိုက်ပျိုးထွက်ရှိမှုကျဆင်းခဲ့သောကြောင့် အဆိုပါထုတ်ကုန်များတင်ပို့ရောင်းချမှုပိတ်ပင်ထားခြင်းကို ရုတ်ချဉ်းဖယ်ရှားသွားမည့်အခြေအနေမရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ပုံမှန်ရှိရမည့် မိုးရေချိန်အောက်လျော့နည်းရရှိခဲ့ပြီး ၁၉၀၁ ခုနှစ်မှကြည့်လျှင် ယခုနှစ် ဩဂုတ်လသည် အခြောက်သွေ့ဆုံးလတစ်လဖြစ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ယခင်ကလည်း ပိတ်ပင်ထားသောဆန်ဖြူကို အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဆွေနိုင်ငံအချို့သို့ ၎င်းတို့၏လိုအပ်ချက်အရ အစိုးရအချင်းချင်းအစီအစဉ်ဖြင့်ရောင်းချပေးခဲ့ခြင်းမျိုးရှိပါသည်။ယခုအခါ အစိုးရသည် နိုင်ငံ ၏အရေးကြီးကုန်စည်များဖြစ်သည့် ဆန်၊ ဂျုံနှင့် ဂျုံထွက်ပစ္စည်းတင်ပို့ခွင့်ကို ဆက်လက်ပိတ်ပင်ထားသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် အာဖရိကနိုင်ငံအချို့သို့ ရောင်းချခွင့်ပြုခဲ့ပြီး၊ ပို့ကုန်ခွဲတမ်းများခွဲဝေသတ်မှတ်ပေးခဲ့သည့်အပေါ် သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။ The Hindu Business Line သတင်းဌာန၊ “India allows 9 lakh tonnes of broken rice export to 5 countries”၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News