International News

(၃၃) ကြိမ်မြောက် ဂျပန်-ကနေဒါပူးတွဲစီးပွားရေးကော်မတီအစည်းအဝေး ကျင်းပခဲ့

Last Updated:

(၃၃)ကြိမ်မြောက် ဂျပန်-ကနေဒါပူးတွဲစီးပွားရေးကော်မတီ(Japan-Canada Joint Economic Committee) အစည်းအဝေးကို ၂၉-၁-၂၀၂၄ ရက်နေ့တွင်  ကနေဒါနိုင်ငံ၊ အော့တာဝါမြို့၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးကို ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြီးတန်းဒုတိယဝန်ကြီး Mr. ONO Keiichi နှင့် ကနေဒါနိုင်ငံ နိုင်ငံတကာကုန်သွယ်ရေးနှင့် ကမ္ဘာ့ရေးရာဆိုင်ရာ ဒုတိယဝန်ကြီး Mr. Rob Stewart တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ကနေဒါနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး Mr. Yamanouchi Kanji ၊ ဂျပန်နိုင်ငံနှင့်ကနေဒါနိုင်ငံ အစိုးရတို့မှ တာဝန်ရှိသူများ၊ ကနေဒါနိုင်ငံရှိ ဂျပန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။

အစည်းအဝေးတွင် G7 ၊ WTO ၊ OECD နှင့် CPTPP တို့အပါအဝင် လက်ရှိ နိုင်ငံတကာ စီးပွားရေးဝန်းကျင်ဆိုင်ရာ အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး၊ ဂျပန်-ကနေဒါပူးတွဲ စီးပွားရေးကော်မတီ၏ မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးစားပေးကဏ္ဍ ၆ ရပ်ဖြစ်သည့် စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းသစ်တီထွင်မှု၊ ခရီးသွားလာရေးနှင့်လူငယ်ဖလှယ်ရေး၊ စီးပွားရေးဝန်းကျင်တိုးတက်လာစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ စိုက်ပျိုးရေးစသည့် ကဏ္ဍများတွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး၊ အနာဂတ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် ဂျပန်-ကနေဒါ ပူးတွဲသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်နှင့် စွမ်းအင်ပြတ်တောက်မှုမရှိစေရေးအတွက် နှစ်နိုင်ငံလက်တွဲပူးပေါင်းဆောင်ရွက်သွားရန်၊ Free and Open Indo-Pacific ဖြစ်စေရေးအတွက် Japan-Canada Action Plan ကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားရန်၊ စီးပွားရေးလုံခြုံမှုရှိစေရေးအတွက် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန်၊ အထူးသဖြင့် စွမ်းအင်၊ အရေးပါသည့် အရင်းအမြစ်များ (Critical Minerals)နှင့် စားနပ်ရိက္ခာဖူလုံရေးစသည့်ကဏ္ဍများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်သွားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဆက်လက်၍ Japan-Canada Joint Economic Committee ၏ မူဘောင်အရ ဆောင်ရွက်သွားမည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးစားပေးကဏ္ဍ ၆ ရပ်၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးရာတွင် စွမ်းအင်ဆိုင်ရာကိစ္စများကို Japan-Canada Energy Policy Dialogue မှတစ်ဆင့် ဆက်လက်ဆွေးနွေးဆောင်ရွက်သွားရန်၊ စွမ်းအင်ရရှိမှုသေချာစေရေးနှင့် လုံခြုံမှုရှိစေရေးအတွက် နှစ်နိုင်ငံ စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်သွားရန်၊ ကာဗွန်ကင်းစင်စေရေးအတွက် နျူကလီးယားစွမ်းအင်၊ ဟိုက်ဒရိုဂျင်နှင့်အမိုးနီးယားထုတ်လုပ်မှုများတွင် ပုဂ္ဂလိက၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ပံ့ပိုးပေးရန်၊ အရေးပါသည့် စွမ်းအင်အရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိစေရေးအတွက် နှစ်နိုင်ငံလက်တွဲဆောင်ရွက်သွားရန်၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ သတင်းအချက်အလက်များကို နှစ်နိုင်ငံအကြား မျှဝေသွားရန်၊ တီထွင်ဆန်းသစ်မှုဆိုင်ရာ စီမံကိန်းများကို နှစ်နိုင်ငံပူးတွဲဖော်ဆောင်သွားရန်၊ Quantum၊ AI၊ Cleantech၊ Semiconductors၊ Innovation စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရေး ဆွေးနွေးသွားရန်၊ နှစ်နိုင်ငံခရီးသွားလာမှုဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများ ပြုလုပ်သွားရန်၊ နှစ်နိုင်ငံပြည်သူအချင်းအချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်သွားရန်၊ ခရီးသွားလာမှုမြှင့်တင်နိုင်ရေးအတွက် နှစ်နိုင်ငံလုံးတွင် Working Holiday Programs မြှင့်တင်ဖော်ဆောင်နိုင်ရေး လက်တွဲပူးပေါင်းဆောင်ရွက်သွားရန်၊ ဘက်ထရီ၊ ဟိုက်ဒရိုဂျင်၊ အမိုးနီးယားနှင့် အရေးပါသည့်အရင်းအမြစ်များတွင် နှစ်နိုင်ငံရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ဆောင်ရွက်သွားရန်၊ ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် ယမကာများကို ကနေဒါနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ဆွေးနွေးသွားရန်၊ လယ်ယာထွက်ကုန်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များပြတ်တောက်မှုမရှိစေရေး နှစ်နိုင်ငံလက်တွဲဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။

Source: Ministry of Foreign Affairs , Japan (30-1-2024)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)     

Category: International News