International News

ရုရှားနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအကြီးအကဲက အိန္ဒိယကုမ္ပဏီများ၏ ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုမှုအခြေအနေများအား ပြောကြားခဲ့ခြင်း

Last Updated:

ရုရှားကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Mr. Sergey Katyrin က အိန္ဒိယကုမ္ပဏီများအနေဖြင့် ရုရှားနိုင်ငံနှင့် လက်တွဲလုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ရုရှားကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် အိန္ဒိယကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(FICCI)တို့က စီစဉ်ကျင်းပသည့် ဖိုရမ်ကို အိန္ဒိယတွင် ဧပြီလ ၃ ရက်နေ့၌ စတင်ခဲ့သည်။ အဆိုပါဖိုရမ်ကို ရုရှားကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သည့် ရုရှားကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Mr. Sergey Katyrin က ဦးစီးကျင်းပခြင်းဖြစ်ပါသည်။

အိန္ဒိယကုန်သည်များအသင်းချုပ်က အိန္ဒိယကုမ္ပဏီမိတ်ဖက်များကို ကိုယ်တိုင်ရွေးချယ်နိုင်သည့် ပလက်ဖောင်းတစ်ခုဖန်တီးထားကြောင်း၊ အဆိုပါပလက်ဖောင်းပေါ်၌ အိန္ဒိယစီးပွားရေးလုပ်ငန်း ၂၀၀ ကျော် မှတ်ပုံတင်ထားကြောင်း၊ ၎င်းတို့သည် ပြည့်စုံကြွယ်ဝသောစီးပွားရေး အစီအစဉ်များကို ပြင်ဆင်ထားကြောင်း အိန္ဒိယရှိ ရုရှားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူးဆောင်ကိုယ်စားလှယ်ရုံးခန်းဖွင့်ပွဲတွင် Katyrin က ပြောကြားခဲ့သည်။

ဆက်လက်၍ Katyrin သည် ရုရှားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဒေသများအကြောင်း၊ စက်မှုလုပ်ငန်းများအကြောင်း၊ အနောက်တိုင်းကုမ္ပဏီများ ရုရှားနိုင်ငံမှ ထွက်ခွာသွားသဖြင့် လစ်လပ်သည့်နေရာများနှင့် အခွင့်အလမ်းများအကြောင်း၊ ဝင်ငွေရရှိမည့်အခွင့်အလမ်းများ စသည့်မိမိတို့အကြောင်းနှင့် မိမိတို့၏လိုအပ်ချက်များကို နိုင်ငံခြားလုပ်ဖော်ကိုင်ဖက်များထံ ပိုမိုပြောပြရန် တိုက်တွန်းခဲ့ပါသည်။

အဆိုပါဖိုရမ်သို့ အပေါ့စားစက်မှုလုပ်ငန်း၊ ဓာတုစက်မှုလုပ်ငန်း၊ ဆေးဝါးများ၊ အိုင်တီလုပ်ငန်း၊ စက်မှုအင်ဂျင်နီယာ၊ မော်တော်ယာဥ်နှင့် ဆန်းသစ်တီထွင်နည်းပညာများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ရုရှားကိုယ်စားလှယ်အဖွဲ့၏ခရီးစဉ်တွင် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ခြင်းသဘောတူညီချက် လက်မှတ်ရေးထိုးခြင်း၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး အထူးစီးပွားရေးဇုန်များသို့ သွားရောက်လည်ပတ်ခြင်းနှင့် အိန္ဒိယနိုင်ငံရှိ ရုရှားကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူးဆောင်ကိုယ်စားလှယ်ရုံးခန်းဖွင့်လှစ်ခြင်းတို့ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ အိန္ဒိယလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ဆက်ဆံရေးခိုင်မာစေရန်၊ အိန္ဒိယစီးပွားရေးအသိုင်းအဝိုင်းနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ တိုက်ရိုက်အဆက်အသွယ်ထူထောင်နိုင်ရန်၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းသစ်များနှင့် ရင်းနှီးကျွမ်းဝင်စေရန်ဖြစ်ကြောင်း ရုရှားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအကြီးအကဲက ပြောကြားခဲ့ပါသည်။

Source:

https://ria.ru/20230404/indiya-1863035127.html

https://ria.ru/20230403/forum-1862740570.html?in=t

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News