International News

ရုရှားသည် တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ အီဂျစ်နှင့် ထိုင်းနိုင်ငံတို့မှ ငှက်ပျောသီးများ တိုးမြှင့်တင်သွင်းရန် ရည်ရွယ်ထား

Last Updated:

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံသည်  တရုတ်နိုင်ငံမှ ငှက်ပျောသီးတင်သွင်းမှုမှာ ပမာဏတန်ချိန် ၂၈,၀၀၀၊ ကိုရီးယားမှ တန်ချိန် ၄၈,၀၀၀၊ အီဂျစ်မှ ၂၉ တန်နှင့် ထိုင်းမှ ၂ တန်ဖြစ်ပြီး လာမည့်အနာဂတ်တွင် ၎င်းနိုင်ငံများမှ တိုးမြှင့်တင်သွင်းသွားရန် စီစဉ်ထားကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန၊ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေးကြီးကြပ်ကွပ်ကဲမှုဖက်ဒရယ်အစိုးရဌာန (Rosselkhoznadzor) က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းတွင် အိန္ဒိယသည် ရုရှားနိုင်ငံသို့ ပထမအကြိမ် ငှက်ပျောသီးများတင်ပို့ခဲ့ပြီး ပမာဏသည် တန်ချိန် ၃၀၀၀ ခန့်ရှိကြောင်း၊  အိန္ဒိယဘက်က တင်ပို့မှုပမာဏ တိုးမြှင့်ရန်အဆင်သင့်ရှိသဖြင့် အနာဂတ်တွင် တင်ပို့မှုပမာဏမြင့်တင်မည်ဖြစ်ကြောင်း၊ ငှက်ပျောသီးအပြင် သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီးနှင့် မာလကာသီးများကိုလည်း တင်ပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယမှ ရုရှားနိုင်ငံသို့ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းခြင်းအပေါ် ကန့်သတ်ချက်မရှိကြောင်း၊ အိန္ဒိယသစ်သီးဝလံများကို ရုရှားနိုင်ငံသို့ ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)၏ ဥပဒေနှင့်အညီ ပိုးမွှားကင်းရှင်းကြောင်းသက်သေခံလက်မှတ်(phyto-sanitary certificate)ဖြင့် တင်ပို့နိုင်ကြောင်း Rosselkhoznadzor က အတည်ပြုပြောကြားခဲ့သည်။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း(FAO)၏အဆိုအရ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ငှက်ပျောသီးအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံက ဒုတိယနှင့် အင်ဒိုနီးရှားက တတိယဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှ ငှက်ပျောသီးများတင်သွင်းမှု မရှိခဲ့ကြောင်း Rosselkhoznadzor က ပြောကြားခဲ့သည်။

အစောပိုင်းတွင် Rosselkhoznadzor သည် အီကွေဒေါမှ ရုရှားနိုင်ငံသို့ အန္တရာယ်ရှိပိုးမွှားများပါဝင်သော ငှက်ပျော သီးများတင်ပို့မှုအခြေအနေနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကိစ္စတွင် သတ်မှတ်စံချိန်စံညွှန်းများ ချိုးဖောက်မှုအများဆုံးကျူးလွန်ခဲ့သည့် အီကွေဒေါရှိ ငှက်ပျောသီးတင်ပို့သူ (၅) ဦးထံမှ အသိအမှတ်ပြုလက်မှတ်များဆိုင်းငံ့ထားရန် တောင်းဆိုခဲ့သည်။

ရုရှားနိုင်ငံသည် ဥရောပသမဂ္ဂ(EU)၏ သစ်သီးဝလံထုတ်ကုန်များတင်သွင်းခွင့်အား ပိတ်ဆို့အရေးယူထားသည့်အပြင် အနောက်နိုင်ငံများမှ ရုရှားနိုင်ငံအား ကဏ္ဍအလိုက် ပိတ်ဆို့အရေးယူမှုများကြောင့် ၎င်းနိုင်ငံအတွက် လိုအပ်သော သစ်သီးဝလံထုတ်ကုန်များအား အာရှနိုင်ငံများအပါအဝင် အခြားနိုင်ငံများမှ တိုးမြှင့်တင်သွင်းလျက်ရှိသဖြင့် မြန်မာနိုင်ငံ၌ စိုက်ပျိုးထွက်ရှိသည့် သစ်သီးဝလံများသည် ရုရှားနိုင်ငံသို့ တင်ပို့နိုင်မည့် အလားအလာကောင်းများရှိနေပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။

Source :    https://tass.ru/ekonomika/19914735

               https://www.interfax.ru/world/944739

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News