International News

ယခုနှစ်တွင် ကမ္ဘာ့အရန်ဆန်ပမာဏ တိုးမြင့်လာဖွယ်ရှိဟု ကုလသမဂ္ဂအစီရင်ခံစာတစ်ခုက ဖော်ပြ

Last Updated:

ယခုနှစ်တွင် ကမ္ဘာ့အရန်ဆန်ပမာဏတိုးမြင့်လာဖွယ်ရှိသည်ဟု ကုလသမဂ္ဂအစီရင်ခံစာတစ်ခုက ဖော်ပြထားသည်။ အကြောင်းမှာ အိန္ဒိယနိုင်ငံသည် ၎င်း၏ဆန်များကို ပြည်ပသို့ တင်ပို့ရောင်းချမှုလျှော့ချခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် အာရှနိုင်ငံများမှ ဆန်တင်ပို့မှုမှာ တန်ချိန် ၅၅ ဒသမ ၄ သန်းရှိကာ လွန်ခဲ့သော ၅ နှစ်တာကာလကထက် ပျမ်းမျှ ၆ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း(Food and Agriculture Organization-FAO) က ၎င်း၏ တစ်နှစ် သုံးကြိမ်ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်၌ ဖော်ပြထား သည်။

ကမ္ဘာ့အရန်ဆန်ပမာဏသည် ၂၀၂၃-၂၄ ခုနှစ်အကုန်တွင် တန်ချိန် ၁၉၈ ဒသမ ၉ သန်းရှိကာ ယခင်နှစ်ကာလတူကထက် ၁ ဒသမ ၅ ရာခိုင်နှုန်းတိုးမြင့်လာဖွယ်ရှိသည်ဟု FAO အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံသည် ဆန်လက်ကျန်များကို ပိုမိုစုဆောင်းထားရှိလျက်ရှိကာ ပါကစ္စတန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ကလည်း ၎င်းတို့၏ အရန်ဆန်ပမာဏကို တိုးမြှင့်သွားဖွယ်ရှိသည်ဟု အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် ပြည်တွင်း၌ ဆန်ထုတ်လုပ်မှုလျော့ကျဖွယ်ရှိပြီး စားနပ်ရိက္ခာဖူလုံမှုရှိရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှစတင်ကာ ပြည်ပသို့ဆန်တင်ပို့မှုကို အဆင့်ဆင့်ပိတ်ပင်ခဲ့သည်။ ၎င်းအနေဖြင့် ဆန်တန်ချိန် ၁၁၂ သန်းထုတ်လုပ်နိုင်ရန် ရည်မှန်းထားသော်လည်း နောက်ဆုံးခန့်မှန်းချက်များအရ တန်ချိန် ၁၀၆ ဒသမ ၃၁ တန်သာ ထုတ်လုပ်နိုင်သေးကြောင်း သိရသည်။

ယင်းသို့ အိန္ဒိယမှ ဆန်တင်ပို့မှုပိတ်ပင်လိုက်သည့်အတွက် ထိုင်းနိုင်ငံ၊ပါကစ္စတန်နိုင်ငံ၊မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့က ဆန်ကို ပိုမိုတင်ပို့လာကြမည်ဖြစ်သည်။ အဆိုပါဆန်တင်ပို့မှုကြောင့် အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့မှ လျော့ကျလာသော ဆန်တင်ပို့မှုပမာဏကို ကာမိစေမည်ဖြစ်သည်။

ထိုင်းနိုင်ငံမှ ဆန်ပိုမိုတိုးမြှင့်တင်ပို့လာမှုကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ အောက်တိုဘာလတွင် ၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ သို့သော် လွန်ခဲ့သောနှစ်ကထက် ၂၄ ရာခိုင်နှုန်းမြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ဆန်ကို အစိုးရအချင်းချင်းအစီအစဉ်(G to G)ဖြင့် တင်ပို့ရောင်းချလျက်ရှိပြီး စားနပ်ရိက္ခာလိုအပ်ချက်ရှိသော နိုင်ငံ ၇ ခုသို့ ဆန်တန်ချိန် ၁ သန်းတင်ပို့ခွင့်ပြုခဲ့သည်။

ဩဂုတ်လ ပထမပတ်အတွင်း ထိုင်းနိုင်ငံ၏ ၅ မတ်ဆန်ဈေးမှာ ၁ တန်လျှင် ကန်ဒေါ်လာ ၆၁၂ မှ ၅၈၄ သို့ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ၂၅ မတ်ဆန်မှာ ကန်ဒေါ်လာ ၆၀၅ မှ ၅၅၈ သို့ ၈ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ကြောင်း သိရသည်။ ပေါင်းဆန်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၆၂၅ မှ ၅၈၄ သို့အသီးသီး ကျဆင်းခဲ့ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းက ပြောကြားခဲ့သည်။

အိန္ဒိယပေါင်းဆန်ဈေးနှုန်းမှာ ၁ တန်လျှင် ကန်ဒေါ်လာ ၄၇၈-၄၈၂ ကြားရှိရာမှ ကန်ဒေါ်လာ ၄၉၈-၅၀၂ သို့မြင့်တက်ခဲ့သည်။ အိန္ဒိယကဲ့သို့ ဗီယက်နမ်ဆန်ဖြူဈေးမှာ မြင့်တက်ခဲ့သလို ပါကစ္စတန်နိုင်ငံသည် ထိုင်းဆန်ဈေးထက် ၁ တန်လျှင် ကန်ဒေါ်လာ ၂၀ မှ ၆၀ အထိ သိသိသာသာဈေးလျှော့ရောင်းချခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယမှဆန်တင်ပို့မှုပိတ်ပင်လိုက်သည့်အတွက် ဆန်ကို ပိုမိုတင်ပို့ရောင်းချနိုင်ရန် အခွင့် အလမ်း သာလျက်ရှိကြောင်းတွေ့ရှိရပါသည်။ သို့သော် အိမ်နီးချင်းထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ ဆန်များနှင့် ဈေးကွက်ယှဉ်ပြိုင်ရဖွယ်ရှိနေပါသည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ကိုဗစ် -၁၉ ကပ်ရောဂါကာလအလွန်တွင် ရာသီဥတုပြောင်းလဲမှုဒဏ်ခံစားနေကြရပြီး၊ ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံမှုရှိရန်ကိုသာ ဦးတည်ဆောင်ရွက်လာကြကြောင်းတွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း ဆန်ကို ပြည်တွင်း ဖူလုံမှုရှိရန်နှင့် ပြည်ပတင်ပို့မှုကို သမမျှတစွာဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။ The Hindu Businessline သတင်းဌာန၊ “4 nations to compensate for Indian rice export curbs, says FAO”၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။

(ကောင်းထွဋ်‌အောင်၊  စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News