International News

အိန္ဒိယအစိုးရသည် စိုက်ပျိုးရေးကုန်ကြမ်းပစ္စည်းများကို တင်ပို့မည့်အစား ပြုပြင်ပြီးစားသောက်ကုန်များ တင်ပို့မှုကို ဆက်လက်မြှင့်တင်သွားမည်

Last Updated:

အိန္ဒိယအစိုးရသည် စိုက်ပျိုးရေးကုန်ကြမ်းပစ္စည်းများကို တင်ပို့မည့်အစား ပြုပြင်ပြီးစားသောက်ကုန်များတင်ပို့မှုကို ဆက်လက်မြှင့်တင်သွားမည်ဟု ကူးသန်းရောင်းဝယ်ရေးအတွင်းဝန် Sunil Barthwal က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် လွန်ခဲ့သော(၁၀)စုနှစ်အတွင်း ပြည်ပသို့ စိုက်ပျိုးရေးပို့ကုန်များတင်ပို့မှုတွင် ပြုပြင်ပြီးစားသောက်ကုန်များ၏ဝေစုသည် ၁၄ ရာခိုင်နှုန်းမှ ၂၇ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ကြောင်း အလေးပေးဖော်ပြ၍ ယခုကဲ့သို့ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

နယူးဒေလီမြို့တော် Pragati Maidan ၌ ယခုလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ် အိန္ဒိယစားသောက်ကုန်ကုန်စည်ပြပွဲ(World Food India 2023)သို့ အရှေ့အလယ်ပိုင်းဒေသမှ ဝယ်သူ ၁၃၅ ဦးအပါအဝင် နိုင်ငံပေါင်း ၈၀ မှ ဝယ်သူ ၁၀၀၀ ကျော်လာရောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါကုန်စည်ပြပွဲသို့လာရောက်ရန် စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားသောက်ကုန်များတင်ပို့မှုဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (Agricultural and Processed Food Products Export Development Authority-Apeda)၊ ပင်လယ်ထွက်ကုန်များတင်ပို့မှုဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့(Marine Products Export Development Authority-Mpeda)၊ ဟင်းခတ်အမွှေးအကြိုင်ဘုတ်အဖွဲ့(Spice Board)၊ လက်ဖက်ဘုတ်အဖွဲ့(Tea Board)နှင့် ကော်ဖီဘုတ်အဖွဲ့(Coffee Board) တို့က ပူးပေါင်းကမကထပြုဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် ပြည်သူ ၁ ဒသမ ၄ ဘီလျှံအတွက် ဖူလုံမှုရှိရေးက အမြဲတမ်းဦးစားပေးအခြေအနေဖြစ်ပြီး၊ ပိုလျှံမှသာ ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ပြုပြင်ပြီးစားသောက်ကုန်များသည် ဈေးကောင်းရရှိနိုင်သည့်အတွက် အိန္ဒိယအစိုးရအနေဖြင့် ပို့ကုန်တင်ပို့သူများအား ကုန်ကြမ်းပစ္စည်းများကို ပြည်တွင်း၌ ပြုပြင်ထုတ်လုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲပြီးနောက် ကမ္ဘာ့ဝယ်လိုအားအလျောက် တင်ပို့ရောင်းချသွားစေလိုကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်တွင် မြှင့်တင်သွားနိုင်ရေး မဟာဗျူဟာမြောက် လုပ်ဖေါ်ကိုင်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားရန် ရည်ရွယ်၍ အစိုးရ၏ အဓိကလယ်ယာထွက်ကုန်တင်ပို့မှုမြှင့်တင်ရေးအဖွဲ့အစည်းဖြစ်သော Apeda နှင့် LuLu Hypermarket တို့အကြား ယခုလ ၃ ရက်နေ့က နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အစိုးရက ဂျုံနှင့် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုများပိတ်ပင်ခဲ့သည့်အတွက် လက်ရှိဘဏ္ဍာနှစ်၏ ဧပြီလမှ ဩဂုတ်လအထိ ၅ လတာကာလအတွင်း Apeda မှမြှင့်တင်ထားသည့် ထုတ်ကုန်ပစ္စည်းအမျိုးအမယ် ၂၇ ခု၏တင်ပို့ မှုမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၄ ဘီလျှံ(၁၁ ရာခိုင်နှုန်း)သို့ ကျဆင်းခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

ပို့ကုန်ရည်မှန်းချက် ၂၃ ဒသမ ၅၆ ဘီလျှံအားကျော်လွန်ရန် Apeda မှ မြှင့်တင်ထားသော အဓိကစိုက်ပျိုးရေးနှင့် ပြုပြင်ပြီးထုတ်ကုန်များ(အမျိုးအစားခွဲလျှင်အမျိုးအမည် ၂၇ ခု)၏တင်ပို့မှုမှာ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၅၇ ဘီလျှံရှိရာမှ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၇၂ ဘီလီလျှံ(၈ ဒသမ ၇၄ ရာခိုင်နှုန်း)သို့ ရုတ်ချည်းတိုးမြှင့်တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည်လည်း လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို အဓိကတင်ပို့ရောင်းချလျက်ရှိပြီး အများစုမှာ မပြုပြင်ထားသောကုန်ကြမ်းပစ္စည်းများသာဖြစ်ကြပါသည်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် စက်မှုကုန်ချောပစ္စည်းတင်ပို့မှုသည် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု၏ ၄ ပုံ ၁ ပုံမျှသာရှိကြောင်း တွေ့ရှိရသည့်အတွက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများတိုးမြှင့်တင်ပို့နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်သင့်ပါကြောင်း အိန္ဒိယနိုင်ငံ၏ပြုပြင်ပြီးစားသောက် ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးမူဝါဒအပေါ် သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။ The Hindu Businessline သတင်းဌာန၊ “Government prioritises processed food exports as restrictions on raw items increase in frequency”၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

(ကောင်းထွဋ်‌အောင်၊  စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News