International News

အိန္ဒိယသည်  ယူအေအီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ကြက်သွန်နီတင်ပို့မှုကို ခွင့်ပြု

Last Updated:

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမျိုးသားသမဝါယမတင်ပို့မှုလီမိတက်(NCEL)မှတဆင့်ကြက်သွန်နီ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၅၀,၀၀၀ နှင့်ယူအေအီးသို့ တန်ချိန် ၁၄,၄၀၀၊ စုစုပေါင်းတန်ချိန် ၆၄,၄၀၀ တင်ပို့ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။

ပို့ကုန်/သွင်းကုန် လုပ်ထုံးလုပ်နည်းများသတ်မှတ်ရန်တာဝန်ရှိသည့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဌာနခွဲတစ်ခုဖြစ်သည့် နိုင်ငံခြားကုန်သွယ်ရေးအထွေထွေညွှန်ကြားမှုဦးစီးဌာန(DGFT)က ယူအေအီးနိုင်ငံသို့ ကြက်သွန်နီ သုံးလတစ်ကြိမ်ဖြင့်  အများဆုံးတန်ချိန် ၃၆၀၀ ထိ၊ စုစုပေါင်းတန်ချိန် 14,400 တင်ပို့မှုကို အမျိုးသားသမဝါယမတင်ပို့မှုလီမိတက်(NCEL)မှတဆင့် ခွင့်ပြုထားသည်ဟု  UAE နိုင်ငံသို့ အကြောင်းကြားထားကြောင်း အသေးစိတ်ဖော်ပြခဲ့သည်။ အိန္ဒိယသည် ပြည်တွင်းဈေးကွက်တည်ငြိမ်စေရန်ရည်ရွယ်၍ ကြက်သွန်နီတင်ပို့မှုကို ယေဘုယျအားဖြင့် တားမြစ်ထားသော်လည်း အစိုးရက ယင်းနိုင်ငံများ၏တောင်းဆိုချက်အပေါ်  ခြွင်းချက်ဖြင့် ခွင့်ပြုပေးထားခြင်း ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်နည်းလမ်းများကို စားသုံးသူရေးရာဦးစီးဌာနနှင့် ညှိနှိုင်းပြီး NCEL မှ ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ပြည်တွင်းဈေးကွက်အတွက် ကြက်သွန်နီလုံလောက်မှုရှိစေရန်နှင့် ဈေးနှုန်းထိန်းချုပ်နိုင်ရန်ရည်ရွယ်၍  အိန္ဒိယအစိုးရက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၈ ရက်မှ ယခုနှစ် မတ်လ ၃၁ ရက်အထိ တင်ပို့မှုပိတ်ပင်ထားပြီးနောက် ယခုကဲ့သို့ ခွင့်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်နယ်မှတစ်ဆင့် တင်ပို့လျက်ရှိသော်လည်း လတ်တလောတွင်ရခိုင်ပြည်နယ်ရှိကုန်သွယ်မှုလမ်းကြောင်းများ ရပ်ဆိုင်းနေသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန္ဒိယနိုင်ငံမှတင်သွင်းမှုများအားတိုးမြှင့်ပြုလုပ်ရန်တောင်းဆိုဆောင်ရွက်ခဲ့သည်ဟုယူဆရပါသည်။ သို့ဖြစ်ပါ၍ မိမိနိုင်ငံ၏ ရှိပြီးသားဖြစ်သည့် ကြက်သွန်နီဈေးကွက်မပျောက်ပျက်ရေးအတွက် တင်ပို့နိုင်မည့်နည်းလမ်းများကို ရှာဖွေဖော်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

Source: ndtvprofit.com, 4 March 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News