International News

ရုရှား၏ ရေထွက်ကုန်များတင်ပို့မှုသည် ၁၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တင်သွင်းမှုသည် ၁၀ ရာခိုင်နှုန်းတိုးတက်ခဲ့

Last Updated:

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ရေထွက်ကုန်များတင်ပို့မှုမှာ ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းတိုးမြှင့်လာပြီး ပမာဏတန်ချိန် ၂.၁ သန်းအထိ ရောက်ရှိခဲ့ကြောင်း၊ တင်သွင်းမှုပမာဏမှာ တန်ချိန် ၅၄၇,ဝဝဝ ခန့်ရှိပြီး ယခင်နှစ်အလားတူကာလထက် ၁၀ ရာခိုင်းနှုန်းပိုများခဲ့ကြောင်း ရုရှားငါးလုပ်ငန်းဆိုင်ရာဖက်ဒရယ်အေဂျင်စီ(Russia’s Federal Agency for Fishery)က သတင်းထုတ်ပြန်ခဲ့ပါသည်။

ရေထွက်ကုန်များအား ၁၁ လတာအတွက် ပြည်ပသို့ တန်ချိန် ၂.၁ သန်းအထိတင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံထိရောက်ရှိခဲ့ကြောင်း၊ ပြည်တွင်းစားသုံးသူများ၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ ပို့ကုန်များတိုးလာခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်သို့ ထောက်ပံ့ရေးမှာ ပကတိဦးစားပေးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ပြည်ပသို့ အဓိကတင်ပို့ခဲ့သည့် ရေထွက်ကုန်များမှာ အေးခဲထားသောငါးများ၊ ငါးအသားလွှာများနှင့် ပါးပါးလှီးဖြတ်ထားသော ငါးအသားများ၊ ပုစွန်များ၊ ခရုများနှင့် ရေနေသတ္တဝါများဖြစ်ပါသည်။

ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအထိ ရေထွက်ကုန်များတင်သွင်းမှုပမာဏသည် တန်ချိန် ၅၄၇,ဝဝဝ ခန့်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ  ၂.၄ ဘီလီယံထိရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ ၁၀ လတာကာလအတွင်း ရုရှားနိုင်ငံသည် ရေထွက်ကုန်တန်ချိန် ၃.၈ သန်းထုတ်လုပ်နိုင်ခဲ့ပြီး ယင်းပမာဏသည် ယခင်နှစ် အလားတူကာလထက် ၁၀ ရာခိုင်နှုန်းပိုမိုထုတ်လုပ်နိုင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source :  https://www.eastrussia.ru/news/eksport-rossiyskoy-rybnoy-produktsii- uvelichilsya-na-13/

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News