International News

အိန္ဒိယမှတင်ပို့မှုများ ပိတ်ပင်ပြီးနောက် ယူအေအီးတွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာခဲ့

Last Updated:

အစားအစာချက်ပြုတ်ရာတွင် မရှိမဖြစ်လိုအပ်သောကြက်သွန်နီဈေးနှုန်းသည် ဝယ်လိုအားကို ပြည့်မီရန် ခြောက်ဆခန့်ခုန်တက်ခဲ့ကြောင်း ယူအေအီးနိုင်ငံမှလက်လီရောင်းချသူများက အတည်ပြုပြောကြားခဲ့ပါသည်။

ပြည်တွင်းပေါက်ဈေးကိုထိန်းချုပ်ရန်အတွက် အိန္ဒိယနိုင်ငံသည် လာမည့်နှစ်မတ်လအထိ တင်ပို့မှုများကို ပိတ်ပင်လိုက်ကြောင်းကြေငြာအပြီး ယူအေအီးနိုင်ငံ၏ကြက်သွန်နီဈေးနှုန်းများမှာ သိသိသာသာမြင့်တက်လာသည်ကို တွေ့မြင်ရပါသည်။ ယူအေအီးနိုင်ငံ၏ လက်လီလုပ်ငန်းအမှုဆောင်အရာရှိများမှ ကြက်သွန်နီဈေးနှုန်းသည် ဝယ်လိုအားကိုပြည့်မီရန် ခြောက်ဆခန့်ခုန်တက်ခဲ့သည့်အတွက် အဆိုပါကုန်စည်အားဝယ်ယူရန် အခြားအရင်း အမြစ်များကို ရှာဖွေနေကြောင်း ပြောကြားခဲ့ပါသည်။

Al Safeer ကုမ္ပဏီများအုပ်စုမှ ကုန်စည်လွယ်ကူလျှင်မြန်ချောမွေ့ရေး(FMCG)အဖွဲ့ ညွှန်ကြားရေးမှူး Ashok Tulsiani က ဤပိတ်ပင်မှုသည် ကြက်သွန်နီတင်ပို့မှုများအတွက်သက်ရောက်မှုရှိပြီး လက်လီဈေးနှုန်းများသည် အနည်းဆုံးခြောက်ဆအထိ မြင့်တက်လာကြောင်းကို အတည်ပြုပြောကြားခဲ့ပါသည်။

"တူရကီ၊ အီရန်နှင့်တရုတ်တို့သည် အလားအလာရှိသောအခြားရွေးချယ်စရာများဖြစ်ကြသော်လည်း အရေအတွက်၊ အရည်အသွေးနှင့်စျေးနှုန်းအရ အိန္ဒိယမှကြက်သွန်နီသည် အကောင်းဆုံးနှင့်ဖောက်သည်အများစု၏ စိတ်ကြိုက်ဖြစ်နေဆဲဖြစ်ပြီး အခြားနိုင်ငံများ၏ကြက်သွန်နီဈေးကွက်သည် အိန္ဒိယကြက်သွန်နီဝယ်လိုအားကဲ့သို့ ဈေးကွက်ကိုဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးကြောင်းကို Tulsiani က Khaleej Times သို့ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

နယူးဒေလီတွင် ကြက်သွန်နီတစ်ကီလိုလျှင် ၇၀ မှ ၈၀ ရူပီးအထိ မြင့်တက်လာပြီးနောက် အိန္ဒိယ၏ နိုင်ငံခြားကုန်သွယ်မှု ညွှန်ကြားရေးမှူးချုပ်ရုံး(DGFT)မှ ကြက်သွန်နီလွတ်လပ်စွာတင်ပို့ခွင့်မူဝါဒကို ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကန့်သတ်ပိတ်ပင်ခဲ့ပါသည်။အိန္ဒိယနိုင်ငံသည် အိန္ဒိယတိုက်ငယ်၊ ပင်လယ်ကွေ့နိုင်ငံများနှင့် အခြားအိမ်နီးချင်းနိုင်ငံများသို့ ကြက်သွန်နီအဓိကတင်ပို့သည့်နိုင်ငံတစ်ခုဖြစ်ပြီး နယူးဒေလီ၏ကန့်သတ်ပိတ်ပင်မှုကြောင့် အဆိုပါနိုင်ငံများတွင်လည်း ဈေးနှုန်းများတက်သွားခဲ့ပါသည်။

Al Maya ကုမ္ပဏီများအုပ်စု၏ ညွှန်ကြားရေးမှူးနှင့်မိတ်ဖက်ဖြစ်သူ Kamal Vachani က အိန္ဒိယအစိုးရ၏ ကြက်သွန်နီကို ပိတ်ပင်လိုက်ခြင်းသည် ယူအေအီးတွင်ကြက်သွန်နီလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် အခြားနိုင်ငံများမှကြက်သွန်နီဈေးကွက်များကို ရရှိစေရန်အတွက် ရှာဖွေမှုများကို လှုံ့ဆော်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ယူအေအီးနိုင်ငံသည် ၎င်း၏ဈေးကွက်အရင်းအမြစ်လမ်းကြောင်းများကိုကွဲပြားစေပြီး ကြက်သွန်နီအတွက် အစားထိုးအရင်းအမြစ်များအဖြစ် ဆောင်ရွက်နိုင်မည့်အလားအလာရှိသောနိုင်ငံအများအပြားကို ဖော်ထုတ်ခဲ့ကြောင်း၊ အီဂျစ်သည် ယူအေအီးနိုင်ငံသို့ ကြက်သွန်နီဈေးကွက်၏လိုအပ်ချက်များအား ပံ့ပိုးနိုင်သည့် အခြားအလားအလာရှိသည့်နိုင်ငံအဖြစ် သတ်မှတ်ခံရပြီး တူရကီသည် နောက်ထပ်ရွေးချယ်စရာနိုင်ငံတစ်ခုဖြစ်ကာ ယူအေအီးနိုင်ငံ၏စားသုံးသူများအတွက် တစ်သမတ်တည်း ကြက်သွန်နီထောက်ပံ့နိုင်စေမှုကို အာမခံနိုင်စေရန်အတွက် ၎င်းတို့၏အရင်းအမြစ်ကွန်ရက်ချိတ်ဆက်မှုများကို အားစိုက်တိုးချဲ့လျက်ရှိနေကြောင်းနှင့် မည်သို့ပင်ဖြစ်စေကာမူစျေးကွက်တည်ငြိမ်မှုကိုထိန်းသိမ်းထားရှိပြီး စားသုံးသူများ၏လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် အာရုံစိုက် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

သုံးသပ်တင်ပြချက်

ကြက်သွန်နီဈေးနှုန်းသည် စားသုံးသူစျေးကွက်အနေအထားများ၊ ရာသီဥတုအခြေအနေများ၊ ထုတ်လုပ်မှုအဆင့်ဆင့်၊ သယ်ယူပို့ဆောင်မှုနှင့်ထိန်းသိမ်းထားရှိမှုများ၊ သွင်းကုန်/ပို့ကုန်သတ်မှတ်ချက် များနှင့် အစိုးရမူဝါဒများကဲ့သို့သော အကြောင်းရင်းအမျိုးမျိုးကြောင့် အတက်အကျပြောင်းလဲမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိပါသည်။ လတ်ဆတ်သောကြက်သွန်နီဈေးကွက်ကို စားသုံးသူဈေးကွက်တွင် တောင်းဆိုမှုများပြားသော်လည်း ကြာရှည်ခံသည့် ရေဓာတ်ထုတ်ထားသော ကြက်သွန်နီစျေးကွက်ထုတ်ကုန်သည် ရေရှည်တည်တံ့ပြီး ဂေဟစနစ်သဟဇာတ ဖြစ်စေသည့် ထုတ်ကုန်များဖြစ်ကာ တစ်စထက်တစ်စကြီးမားလာနေသော ဈေးကွက်သစ်တစ်ခုဖြစ်ပါသည်။ အဆိုပါဈေးကွက်ကို ထုတ်ကုန်အရည်အသွေးနှင့် စားသုံးသူသုံးစွဲမှုလွယ်ကူလျှင်မြန်ထိရောက်စေရန်အတွက် ခေတ်မီနည်းပညာရပ်များကို ထိရောက်စွာသုံးစွဲပြီး နည်းပညာပေါင်းစပ်မှုများဖြင့် ဆောင်ရွက်လာကြခြင်းဖြစ်ကာ သမရိုးကျကြက်သွန်နီဈေးကွက်များထက် ပိုမိုကောင်းမွန်ပြီး အခြားရွေးချယ်နိုင်သော ဆန်းသစ်သည့် Value Added ထုတ်ကုန်များအဖြစ်ထုတ်လုပ်ပြီး နိုင်ငံတကာပြပွဲများတွင် မိတ်ဆက်ပြသမှုများကို ယူအေအီးနိုင်ငံတွင် ပြုလုပ်လျက်ရှိကြောင်းကို တင်ပြလိုက်ရပါသည်။

Source: khaeejtimes.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News